Home သတင်း ညောင်တုန်းကျွန်းတာ ရေတိုက်စား၍ ပဲ့ကျမှုဖြစ်ပွား၊ လူအင်အား ၁,၀၀၀ ကျော်ဖြင့် အရေးပေါ် ပြုပြင်နေရ

ညောင်တုန်းကျွန်းတာ ရေတိုက်စား၍ ပဲ့ကျမှုဖြစ်ပွား၊ လူအင်အား ၁,၀၀၀ ကျော်ဖြင့် အရေးပေါ် ပြုပြင်နေရ

4
Photo: ထီးတာကရင်လူငယ်ပရဟိတဖောင်ဒေးရှင်း

ဩဂုတ် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ဆည်မြောင်းတာသည် ယမန်နေ့ ဩဂုတ်လ ၂၅ ရက်) နံနက်ပိုင်းက မြစ်ရေတိုက်စားမှုကြောင့် တာမိုင် (၁၀/၆) နှင့် (၁၀/၇ )ကြားတွင် ပဲ့ကျမှု ဖြစ်ပွားခဲ့ရာ လူအင်အား(၁,၀၀၀)ကျော်ဖြင့် အရေးပေါ်ပြုပြင်နေရကြောင်း လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယမန်နေ့ နံနက် ၆ နာရီအချိန်က ဧရာဝတီမြစ်ရေ ရေဝဲတိုးပြီး ရေတိုက်စားမှုများ ဖြစ်ပေါ်ခဲ့ရာမှ အလျား ပေ ၃၀၀၊ အနံ ပေ ၆၀ ခန့်ရှိ အဆိုပါ ဆည်မြောင်းတာနေရာ ပဲ့ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တာတမံ ပျက်စီးသွားသည့်နေရာကို ပြန်လည်ပြုပြင်နိုင်ရန် ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်မှစ၍ ဘက်ဖိုးယာဥ် (၃) စီးအသုံးပြုပြီး ဒေသခံပြည်သူများနှင့် တာဝန်ရှိသူ စုစုပေါင်း အင်အား (၁,၀၀၀) ကျော် လုပ်အားဖြင့် အရေးပေါ် ပြုပြင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေရသည်ဟု ပါဝင်ကူညီပေးနေသူက ပြောသည်။

“တာပဲ့သွားလို့လေ၊ အရံတာ ထပ်လုပ်တဲ့နေရာမှာလည်း ကွမ်းခြံတွေ မလွတ်လို့ ဖျက်လိုက်ရတယ်” ဟု တာပြုပြင်ရေးတွင်ပါဝင်နေသည့် လူမှုကူညီရေးအဖွဲ့ဝင် အမျိုးသားက ပြောသည်။

အဆိုပါညောင်တုန်းကျွန်းတာသည် မိုးရာသီ မြစ်ရေမြင့်တက်ချိန်များတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မကြာခဏ တာပဲ့ကျမှုများ ဖြစ်ပေါ်လေ့ရှိသည်ဟု ဒေသခံများကပြောသည်။

ထို့အပြင် တာ လုံးဝကျိုးပေါက်သွားပါက ညောင်တုန်းမြို့နှင့် အနီးဝန်းကျင်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ နီးစပ်ရာမြို့နယ်များတွင်ပါ ရေကြီးရေလျှံမှု ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများနှင့်ရေဘေးကယ်ဆယ်ရေးအဖွဲ့များက သတိပေး ပြောဆိုနေကြခြင်း ရှိနေသည်။

ထို့အတူ ဧရာဝတီတိုင်းဒေသကြီးတွင် ငဝန်မြစ်ရေကာတာနေရာ ကျိုးပေါက်၊ မြေနိမ့်ဝင်ခြင်းမှအစပြု၍ လေးမျက်နှာမြို့တွင် တစ်လနီးပါးကြာ ရေဘေးသင့်နေပြီး ယနေ့အချိန်ထိ မပြုပြင်နိုင်သေးခြင်းနှင့် မိုးဆက်လက်ရွာသွန်းနေမှုကြောင့် မြို့(၅)မြို့ထက်မနည်းသို့ပါ ရေဘေးဆက်လက်ကျယ်ပြန့်လျက်ရှိကြောင်း တိုင်းဒေသသတင်းအရင်းအမြစ်များမှ သိရသည်။