Home သတင်း မြဝတီတောင်ပိုင်းတိုက်ပွဲကြောင့် ပလောတပို့ စစ်ရှောင်များ လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် စိုးရိမ်

မြဝတီတောင်ပိုင်းတိုက်ပွဲကြောင့် ပလောတပို့ စစ်ရှောင်များ လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် စိုးရိမ်

20
Photo: CJ

ဩဂုတ် (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်း၊ ဖလူး-မင်းလက်ပံဒေသတွင် စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၍ ပလောတပို့ စစ်ဘေးရှောင်များ လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် စိုးရိမ်နေကြကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် ပလောတပို့စခန်းတွင် ကျန်ရှိနေသည့် စစ်ရှောင် ၂,၀၀၀ ကျော်မှာ စစ်အုပ်စု၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုအန္တရာယ် စိုးရိမ်ထိတ်လန့်နေရပြီး အပြင်ထွက်အသွားအလာမလုပ်ရဲ ပုန်းအောင်းနေရသည်ဟု ၎င်းတို့ကိုကူညီနေသူများက ပြောသည်။

“စစ်ပွဲ ဒီဘက်ကို နီးလာတော့ ပြည်သူတွေ အရမ်းစိုးရိမ်ကြတယ်။ အခုလက်ရှိ ပလောတပို့မှာပဲ၊ တစ်ဖက်ကမ်းကို ကူးသွားဖို့ကလည်း အဆင်မပြေသေးဘူး။ နောက်တစ်ခုက ရွှေ့ပြောင်းဖို့ နေရာမရှိသေးဘူး” ဟု ပလောတပို့စစ်ရှောင်စခန်းတွင် အကူအညီပေးနေသူက ပြောသည်။

ထို့ကြောင့် စစ်ဘေးရှောင်များမှာ အန္တရာယ်မှရှောင်ရှားနိုင်ရန် သောင်ရင်းမြစ်ကမ်းဘေးသို့ သွားရောက်ပုန်းခိုနေရသော်လည်း မိုးရာသီအတွင်း သောင်ရင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် သဘာဝဘေးအန္တရာယ်ကိုပါ စစ်ဘေးနှင့်အတူ ရင်ဆိုင်နေကြရကြောင်း သိရသည်။

နယ်မြေတာဝန်ရှိသူများကလည်း စစ်အုပ်စုစစ်ကြောင်းလှည့်လည်မှုနှင့်တိုးမည်စိုးသဖြင့် စစ်ဘေးရှောင်ဒေသခံများ အသွားအလာသတိထားနိုင်ရန် တားမြစ်ပြောဆိုခြင်းလည်း ရှိသည်။

ပလောတပို့နေ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “စစ်သားတွေ(စစ်အုပ်စု) ကျွံဝင်လာတာကြောင့် တာနဲအုချောင်းကနေ တက်လာမှာစိုးလို့ အဲဒီနေရာတွေကို သိပ်မသွားခိုင်းဘူး။ မလိုအပ်ဘဲ မသွားဖို့၊ သတိနဲ့ နေဖို့ ပြောတယ်၊ အပြင်ထွက်မရဲဘူး။ လေယာဉ်ပျံလာရင်တော့ ကြောက်ရတယ်။ အခုဆို ဘယ်မှ မသွားရဲတော့ဘူး” ဟု ကေအိုင်စီကို ပြောသည်။

ထိုသို့ လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့မှုများမှာ တစ်ဖြည်းဖြည်းလျော့နည်းနေပြီး စားနပ်ရိက္ခာ အပါအဝင် အခြေခံလိုအပ်ချက်များပါ ပြတ်လပ်မှုရှိနေသည်။

ယင်းအပြင် စစ်အုပ်စုသည် လက်နက်ကြီးနှင့်လေကြောင်းအသုံးပြုပြီး အရပ်သားများနေထိုင်ရာနေရာများကို ပစ်ခတ်တိုက်ခိုက်နေ၍ ပလောတပို့ စစ်ဘေးရှောင်စခန်းရှိ စာသင်ကျောင်းများကို ပြီးခဲ့သည့်လမှစ၍ ပိတ်ထားရကြောင်း စစ်ရှောင်များထံမှ သိရသည်။

ထိုအထဲတွင် ဩဂုတ် (၁၇) ရက်နေ့က ပလောတပို့ စစ်ရှောင်စခန်းနှင့် ကပ်လျက်ရှိ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ကျွန်းတောစခန်းအတွင်း စစ်တပ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် DKBA တပ်ဖွဲ့ဝင် (၂) ဦး သေဆုံး၊ အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်သော တပ်ဖွဲ့ဝင်မိသားစု (၂၀) နီးပါး ထိခိုက်ဒဏ်ရာရရှိမှုလည်း ပါဝင်သည်။