Home သတင်း လေးကေကော်၊ ရဲကုန်းက စစ်အုပ်စုစစ်ကြောင်းချေမှုန်းခံရသည့် သတင်းထွက်အပြီး လေတပ်အကူဖြင့် နှစ်ရက်ဆက် ဗုံးကြဲ

လေးကေကော်၊ ရဲကုန်းက စစ်အုပ်စုစစ်ကြောင်းချေမှုန်းခံရသည့် သတင်းထွက်အပြီး လေတပ်အကူဖြင့် နှစ်ရက်ဆက် ဗုံးကြဲ

16
Photo: CJ

ဇူလိုင် (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေကော်မြို့သစ်အထက်၊ ရဲကုန်းနေရာရှိ စစ်အုပ်စုစစ်ကြောင်းကို ဇူလိုင်လ (၁၆) ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များ ချေမှုန်းနိုင်ခဲ့သည့်သတင်းထွက်အပြီး ညပိုင်းနှင့် ဇူလိုင်(၁၇) ရက် နေ့လယ်ပိုင်းတွင် ထိုဒေသတစ်ဝိုက် စစ်အုပ်စုလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

လေးကေကော်အနီးရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ကာကင်း ရဲကုန်းစခန်းကို ပြီးခဲ့သည့် ဇူလိုင်လ (၁၃) ရက်နေ့က စစ်အုပ်စုမှ မစ်ဇိုင်း၊ လက်နက်ကြီး၊ လေကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် စခန်းယာယီဆုတ်ခွာပေးခဲ့ရခြင်းဖြစ်သည်။

သို့သော် ဇူလိုင်လ (၁၅) ရက်နှင့် (၁၆) ရက်နေ့တွင် ခြေကျင်တက်လာသည့် စစ်အုပ်စုစစ်ကြောင်းကို KNLA ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၄ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။ ထို့အပြင် စစ်ကြောင်းတစ်ကြောင်းလုံးပါ ချေမှုန်းခံလိုက်ရသည့် သတင်းထွက်လာအပြီး လေတပ်အကူဖြင့် စစ်အုပ်စုက လာရောက်တိုက်ခိုက်ခဲ့သည်ဟု KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူတို့ မြေပြင်ကတက်လာတော့ ကျနော်တို့ဖြတ်တိုက်တယ်။ စစ်ကြောင်းတစ်ကြောင်းလုံး ပျက်သွားတယ်ဆိုတဲ့သတင်းက မနေ့ညက ပြန့်သွားတော့၊ ဟိုမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း လေးဒေး၊ ကျွန်းခုနှစ်ပင်၊ ရဲကုန်းနဲ့ ကျောက်တောင်ကြောတွေကို ပတ်ပြီး လေယာဉ်ထပ်လာကြဲနေတာ။ ” ဟု ရှေ့တန်းရောက် အဆိုပါတပ်ဖွဲ့ဝင်က ပြောသည်။

Photo: CJ

လက်ရှိ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေ့ဘောဘိုးနှင့် သဲဖြူချောင်းရှိ ကျေးရွာမှ စစ်ဘေးရှောင်များမှာ ထိုင်းနိုင်ငံဘက်ခြမ်းရှိ ဖုတ်ဖရနှင့် မော်လီချိုင်းကျေးရွာများဘက်သို့ အရေးပေါ် တိမ်းရှောင်ရန် ပြင်ဆင်နေရကြောင်းလည်း သေ့ဘောဘိုး စစ်ဘေးရှောင်စခန်းနေသူများ ထံမှ သိရသည်။

စစ်အုပ်စုက ဝေါလေရှိ ၎င်းတို့စစ်ဗျူဟာကုန်းကိုကာကွယ်ရေး အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ထံ လက်လွှတ်ဆုံးရှုံးထားရသည့် ထိုင်း-မြန်မာနယ်စပ်ရှိ တပ်စခန်းများကို ပြန်လည်ရရှိရေးအတွက် မြေပြင်ရော လေကြောင်းပါ ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ (၈) လကျော် ကြာမြင့်လာခဲ့ပြီးဖြစ်သည်။

သို့ရာတွင် မြေပြင်မှ စစ်ကူပို့ဆောင်သည့် ဖလူး-မင်းလက်ပံလမ်းကို KNLA မဟာမိတ်တပ်များက ဖြတ်တောက်တိုက်ခိုက်ထားခြင်းရှိ၍ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုနှင့် မစ်ဇိုင်း(အတွဲလိုက်ပစ်ဒုံး) ပစ်ခတ်မှုများကိုသာ အဓိကအားပြုပြီး တိုက်ခိုက်နေရကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။