Home သတင်း KNLA ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ စစ်ဦးစီးချုပ်ဖြစ်လာ၊ ဒုစစ်ဦးစီးချုပ်နေရာတွင် တပ်မဟာ(၃) တပ်မဟာမှူးကို ခန့်အပ်

KNLA ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ စစ်ဦးစီးချုပ်ဖြစ်လာ၊ ဒုစစ်ဦးစီးချုပ်နေရာတွင် တပ်မဟာ(၃) တပ်မဟာမှူးကို ခန့်အပ်

15

ဇူလိုင် (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ စစ်ဦးစီးချုပ်နေရာတွင် ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက တာဝန်ယူ၍ ဒု-စစ်ဦးစီးချုပ်အဖြစ် တပ်မဟာ(၃)တပ်မဟာမှူး စောလေးတရော်ကို ပြောင်းလဲတာဝန်ခန့်အပ်လိုက်ကြောင်း ကေအဲန်ယူ၏စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းသတင်းအရင်းအမြစ်များက အတည်ပြုပြောသည်။

ပြီးခဲ့သည့် မေလအတွင်းပြုလုပ်ခဲ့သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ တပ်ပိုင်းဆိုင်ရာ အစည်းအဝေးတွင် KNLA ၏ စစ်ဦးစီးချုပ်နှင့် ဒုစစ်ဦးစီးချုပ်တာဝန် အပြောင်းအလဲကို တင်ပြခဲ့ကြပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီ(EC) တွင် ဆက်လက်အတည်ပြုဆုံးဖြတ်လိုက်သည်ဟု ဆိုသည်။

“စောဘောကျော်ဟဲ စစ်ဦးစီးချုပ်ဖြစ်လာတာ တပ်အစည်းအဝေးတုန်းက ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ သူလည်း အဲဒီကနေ တာဝန်စယူနေပြီ။ သူ့နေရာမှာတော့ တပ်မဟာ ၃ တပ်မဟာမှူး စောလေးတရော်ကို ခန့်အပ်ထားပြီး သူလည်း တာဝန်စတင်ယူနေပြီ” ဟု KNLA ၏ တပ်မဟာမှူးတစ်ဦးက ပြောသည်။

ယခင်က KNLA ၏ စစ်ဦးစီးချုပ်တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီးစောဂျော်နီမှာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတင်ထားရပြီး စကားပြောဆိုနိုင်ရန် အခက်အခဲရှိနေကြောင်းလည်း ၎င်းနှင့်နီးစပ်ရာသတင်းအရင်းအမြစ်များမှ သိရသည်။

KNLA တပ်မဟာမှူးတစ်ဦးက “အဖူးဂျော်နီက ကျန်းမာရေးလည်းမကောင်းလို့ ဆေးရုံတင်ထားရတယ်။ အရေးပေါ် ကြည့်ရှုစောင့်ရှောက်မှုအောက်မှာရှိပါတယ်။ ” ဟု ကေအိုင်စီကို ပြောသည်။

ဗိုလ်ချုပ်ကြီး စောဂျော်နီနေရာတွင် စစ်ဦးစီးချုပ်ဖြစ်လာသည့် စောဘောကျော်ဟဲမှာ ကေအန်ယူ တပ်မဟာ (၅) နယ်မြေ မူတြော် (ဖာပွန်) ခရိုင်၊ လူသောမြို့နယ်၊ ထီးမုဒဲကျေးနယ်၊ သဒါးဒဲကျေးရွာတွင် မွေးဖွားခဲ့သူဖြစ်ပြီး မွေးချင်း မောင်နှမ (၉)ဦးအနက် ခုနစ်ယောက်မြောက်ဖြစ်သည်။

၁၉၈၂ ခုနှစ်ကတည်းက ကရင်တော်လှန်ရေးထဲကို စတင်ရောက်ရှိခဲ့ရာ လက်ရှိတွင် ၎င်း၏ စစ်လုပ်သက်မှာ အနှစ်(၄၀)ကျော်ရှိသည်။

တပ်မဟာ (၅) စတင်ချိန်က စောဘောကျော်ဟဲမှာ ဗျူဟာမှူးတာဝန်နှင့် အထူးစစ်သင်တန်း၏ တပ်ရင်းမှူးတာဝန်များကို ပူးတွဲထမ်းဆောင်ခဲ့ရုံမက တပ်မဟာ (၁) ၊ (၂) ၊ (၃) တို့မှ ခေါင်းဆောင်များနှင့်လည်း စစ်ရေးအရ အမြဲမပြတ် ပူးပေါင်းညှိနှိုင်းမှုရှိခဲ့သလို လူထုချစ်ခင်ယုံကြည်မှု အခိုင်အမာရရှိထားသည့် ခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။