Home သတင်း KNDO နေ့၌ လေယာဥ်ဗုံးကြဲတိုက်ခိုက်၍ ဒွယ်လိုးမြို့နယ်ရှိ စာသင်ကျောင်းနှင့် နေအိမ် (၁၂) လုံး ပျက်စီး

KNDO နေ့၌ လေယာဥ်ဗုံးကြဲတိုက်ခိုက်၍ ဒွယ်လိုးမြို့နယ်ရှိ စာသင်ကျောင်းနှင့် နေအိမ် (၁၂) လုံး ပျက်စီး

10
Photo: CJ

ဇူလိုင် (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ၊ မူတြော်/ဖာပွန်ခရိုင်၊ တပ်မဟာ (၅) နယ်မြေ၊ ဒွယ်လိုးမြို့နယ်ရှိ ထီးလော်သီထာရွာကို ယမန်နေ့(ဇူလိုင်လ ၁၆ ရက်နေ့)က ကျရောက်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နေ့၌ စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်း(၁)ကျောင်းနှင့် ဒေသခံနေအိမ်(၁၂)လုံး ပျက်စီးသွားကြောင်း တပ်မဟာ(၅)ပြောခွင့်ရသူထံမှ သိရသည်။

KNDO တည်ထောင်ခြင်း(၇၉)နှစ်ပြည့်နေ့၊ မွန်းလွဲ (၁) နာရီဝန်းကျင်မှ ညနေ (၃) နာရီအထိ ထီးလော်သီထာရွာကို လေယာဉ်ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ပြီး ရွာစာသင်ကျောင်းနှင့်နေအိမ်များ ပျက်စီးဆုံးရှုံးမှုအပြင် အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးခဲ့ခြင်းရှိသည်ဟု တပ်မဟာ (၅) ဘက်က ဆိုသည်။

“မနေ့က နေ့လယ် ၁ နာရီကျော်လောက်ကနေ ၃ နာရီထိ စစ်အုပ်စုဖက်က လေကြောင်းနဲ့ လာပစ်တာ အဆောက်အဦးတွေ ပျက်ဆီးတယ်၊ ကျွဲနွားတွေလည်းထိပြီး လူနေအိမ်တွေနဲ့စာသင်ကျောင်းတွေ ပျက်ဆီးသွားတယ်” တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူပဒိုစောထိုရော်ဘင်က ပြောသည်။

ကရင်အရပ်ဖက်အဖွဲ့ KPSN(ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်) ကလည်း ယမန်နေ့က ထီးလော်သီထာရွာတွင် နေအိမ်နှင့်စာသင်ကျောင်းများ ထိခိုက်ပျက်စီးမှုရှိခဲ့သည့်အပေါ် စစ်အုပ်စု၏ ဂျက်ဖိုက်တာဖြင့် ဗုံး(၄)လုံးကြဲချတိုက်ခိုက်ခြင်းကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းရှိသည်။

Photo: CJ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေအတွင်း နယ်မြေစိုးမိုးရေးအတွက် စစ်အုပ်စု အင်အားအများအပြားဖြင့်ထိုးစစ်ဆင်လျက်ရှိရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပါဝင်‌သော ပူးပေါင်းတပ်ဖွဲ့များနှင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းကတည်းက ဖာပွန်ဘက်ကို တက်လာသည့်စစ်အုပ်စုမှာ ဒွယ်လိုးမြို့နယ်၊ ကတိုင်တိကျေးနယ်ထဲရှိ ကတိုင်တိရွာနှင့် ဖားလိုးဖိုးကျေးရွာ ဘုရားကုန်းနေရာများသို့ ရောက်ရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားနေကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ထို့အတူ ယင်းတိုက်ပွဲအတွင်း စစ်အုပ်စုက လက်နက်ကြီးပစ်ကူယူရာတွင် ပစ်မှတ်လွဲချော်ပြီး ၎င်းတို့စစ်အုပ်စုစစ်ကြောင်းထဲ ကျရောက်ပေါက်ကွဲခဲ့သဖြင့် တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့သည်ဟုလည်း ကရင်စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။