ဇူလိုင် (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
လာအို-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာအာဏာသိမ်းသမ္မတ မင်းအောင်လှိုင်သည်ဇနီးဖြစ်သူနှင့်အတူ လာမည့် ဇူလိုင်လ(၃)ရက်နေ့မှ (၅)ရက်နေ့အထိ လာအိုနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
လာအိုသမ္မတ သွန်လွန် ဆီဆိုလစ် (Thongloun Sisoulith) ၏ ဖိတ်ကြားချက်အရ မင်းအောင်လှိုင်နှင့်ဇနီးတို့ဦးဆောင်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံသို့ နိုင်ငံတော်ခရီးစဥ်အဆင့်ဖြင့် သွားရောက်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။
ခရီးစဥ်တွင် လာအိုနှင့် မြန်မာအကြား သံတမန်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ရည်ရွယ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး၊ အိမ်နီးချင်းဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရန်နှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ဆက်ဆံရေးများ တိုးမြှင့်နိုင်ရေးကို ထင်ဟပ်စေမည်ဟုလည်း ဆိုသည်။

လာအိုနှင့် မြန်မာနိုင်ငံတို့သည် ၁၉၅၅ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ယခုနှစ်တွင် အနှစ်(၇၀) ပြည့်မြောက်ခြင်းဖြစ်သည်။ ထို့အပြင် နှစ်နိုင်ငံအကြား ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအားဖြင့်လည်း ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားကြသည်ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။
မင်းအောင်လှိုင်၏ လာအိုခရီးစဉ်အတွင်း နိုင်ငံသမ္မတအပါအဝင် လာအိုခေါင်းဆောင်များဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားလည်း တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ခရီးစဉ်သည် လာအိုနှင့် မြန်မာနှစ်နိုင်ငံ ပြည်သူများအကြား အကျိုးစီးပွားများကို မြှင့်တင်ရန်၊ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းလာစေရန်နှင့် အပြန်အလှန် နားလည်ယုံကြည်မှု ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း လာအိုအခြေစိုက် မီဒီယာများတွင် ဖော်ပြကြသည်။



















