Home သတင်း ဘုရားသုံးဆူမြို့တွင် မှုခင်းဖြစ်ပွားမှုများလာ၍ ညအချိန် လုံခြုံရေးတိုးမြှင့်ချထား

ဘုရားသုံးဆူမြို့တွင် မှုခင်းဖြစ်ပွားမှုများလာ၍ ညအချိန် လုံခြုံရေးတိုးမြှင့်ချထား

50

ဇူလိုင် (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်မြို့၊ ဘုရားသုံးဆူတွင် မှုခင်းမျိုးစုံ ဖြစ်ပွားမှုရှိလာသဖြင့် ပြည်သူလူထုလုံခြုံမှုရှိစေရန် မြို့လုံခြုံရေးတိုးမြှင့်ကာ ပြီးခဲ့သည့် ဇွန်လ (၂၉) ရက်နေ့၊ ညပိုင်းမှစ၍ အသွားအလာစစ်ဆေးမှုများပြုလုပ်မည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

မြို့အတွင်း လူသတ်မှု၊ ခိုးမှု၊ ခြိမ်းခြောက်ငွေတောင်းခံမှု အစရှိသဖြင့် ဖြစ်ပွားမှုများလာ၍ မြို့ထဲနေပြည်သူများ စိတ်လုံခြုံမှုရရှိစေရန် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ပါဝင်သော ကရင်အမျိုးသားအစည်းအရုံး-KNU ၏ မြို့အုပ်ချုပ်ရေးအဖွဲ့ဝင်တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်သည်။

“သွားလာတဲ့ကား ဆိုင်ကယ်တွေကိုစစ်မယ်။ အဓိကတော့ လက်နက်တွေပါမပါ စစ်ဆေးမယ်လို့ ဆုံးဖြတ်ထာားတာရှိတယ်” ဟု အုပ်ချုပ်ရေးအဖွဲ့တွင်ပါဝင်သူတစ်ဦးက ပြောသည်။

လက်ရှိ ဘုရားသုံးဆူမြို့တွင် လက်လုပ်သေနတ်များ စျေးနှုန်းချိုသာစွာဝယ်ယူရနေကြ၍ လက်နက်ကိုင်အဖွဲ့အစည်းများသာမက မြို့နေ့ လူကြီး၊ လူငယ်များမှာ လက်နက် ဝယ်ယူကိုင်ဆောင်မှုများလာကြောင်းလည်း မြို့နေလူထုထံမှ သိရသည်။

ဘုရားသုံးဆူမြို့တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက “ဘုရားသုံးဆူမြို့မှာ လူအရမ်းရှုပ်လာတယ်။ ပြီးရင်အဖွဲ့အစည်းများတော့ ဟိုလူလည်း အဖွဲ့အစည်းထဲကလူ၊ ဒီလူလည်း အဖွဲ့အစည်းထဲကလူတွေပဲ။ ဟိုဘက်က လူကြီးတစ်မျိုး၊ ဒီဘက်ကလူကြီးတစ်မျိုး၊ အောက်ကလူတွေကလည်း လုပ်ချင်တာလုပ် အမျိုးမျိုးပါပဲ” ဟု ကေအိုင်စီကို ပြောသည်။

နယ်စပ်မြို့ဖြစ်သောကြောင့် အခြားနယ်စပ်မြို့နည်းတူ တရားမဝင်လောင်းကစား၊ ကာစီနို၊ KTVစသည့် လောင်းကစားရုံ အများအပြားရှိနေပြီး မြို့အတွင်း အိမ်တွင်းအကြမ်းဖက်မှုအပြင် ပစ္စည်းပျောက်ဆုံး၊ ခိုးယူမှုများလည်း ယခင်ကထက် များလာကြောင်း သိရသည်။

ထို့အတူ ပြီးခဲ့သည့် ဇွန်လ (၂၇) ရက်နေ့က ဘုရားသုံးဆူဂိတ်တွင် သွားလာနေသည့်ကုန်ကားများကို ငွေကြေးကောက်ခံခြင်းဖြင့် စစ်အုပ်စုကိုအကူအညီပေးနေကြောင်းသတင်းထွက်နေသူ DKBA တပ်ဖွဲ့ဝင်ဟောင်း စောအေးကျော်ကျော်မှာ ဘုရားသုံးဆူ၊ ဥဒေါင်းရပ်ကွက်တွင် ပစ်သတ်ခံရပြီး သေဆုံးခဲ့ရသည့်ဖြစ်စဥ်လည်း ရှိခဲ့သေးသည်။