Home သတင်း ညောင်လေးပင်ခရိုင်၊ စစ်ဘေးရှောင်များ ငှက်ဖျားနှင့် ရာသီတုပ်ကွေးရောဂါ အဖြစ်များပြီး ဆေးဝါးလိုအပ်နေ

ညောင်လေးပင်ခရိုင်၊ စစ်ဘေးရှောင်များ ငှက်ဖျားနှင့် ရာသီတုပ်ကွေးရောဂါ အဖြစ်များပြီး ဆေးဝါးလိုအပ်နေ

16
Photo: KNU (ပုံဟောင်း)

ဇူလိုင် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်ရှိ စစ်ရှောင်ပြည်သူများ ယခုမိုးတွင်းကာလအတွင်း ငှက်ဖျားရောဂါနှင့် ရာသီတုပ်ကွေးအဖြစ်များလာပြီး ဆေးဝါးလိုအပ်လျက်ရှိသည်ဟု ဒေသခံနှင့် နယ်မြေတာဝန်ရှိသူများထံမှ သိရသည်။

စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသည့် ဒေသခံများမှာ နေရာထိုင်ခင်းမလုံလောက်မှုအကြား မိုးရာသီ အမြဲစိုထိုင်းနေသော ပတ်ဝန်းကျင်ကြောင့် ယခင်နှစ်များထက် ငှက်ဖျားရောဂါနှင့် ရာသီတုပ်ကွေးရောဂါများအပြင် အရေပြားယားယံခြင်းလည်း ပိုမိုအဖြစ်များလာသည်ဟု မုန်းမြို့နယ်အတွင်း သတင်းအရင်းအမြစ်များက ဆိုသည်။

“ထွက်ပြေးတိမ်းရှောင်နေရတော့ နေရာထိုင်ခင်း အဆင်မပြေဘူး။ မိုးရာသီဆိုတော့ နေရာတွေက စိုစွတ်နေတယ်။ အဲဒါကြောင့် အရေပြားယားယံတာနဲ့ တုပ်ကွေးဖြစ်တာတွေ အရင်နှစ်ထက် ပိုများလာတယ်။ လူကြီးရော ကလေးပါ ဖြစ်ကြတယ်။ ဒါပေမဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိတော့ မရှိသေးဘူး” ဟု မုန်းမြို့နယ်နေ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ကျန်းမာရေးဝန်ထမ်းများ၏ ကွင်းဆင်းကုသရေးလုပ်ငန်းများ အကန့်အသတ်ရှိနေသည်။

ယင်းကြောင့် ရောဂါပြင်းထန်သည့် လူနာများကို ဆေးရုံသို့ ပို့ဆောင်ရန် ကားအစားထိုး ဆိုင်ကယ်နှင့် လှေများဖြင့်သာ အသုံးပြုပို့ဆောင်နေရကြောင်း ၎င်းစစ်ဘေးရှောင်က ဖြည့်စွက်ပြောသည်။

သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျန်းမာရေးဌာနများအနေဖြင့် စစ်ရှောင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသော်လည်း လူဦးရေများပြားသည့်အတွက် လိုအပ်ချက်နှင့်အကူအညီ မျှတမှုမရှိဘဲ ဆေးဝါးအပါအဝင် အစားအသောက်နှင့် အမိုးအကာလိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ ကျောက်ကြီးမြို့နယ်တွင်လည်း စစ်အုပ်စု၏ စစ်ကြောင်းထိုးဝင်ရောက်မှုများနှင့် လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ ရွာတွင်းသို့ ပြန်လည်မနေထိုင်နိုင်သေးဘဲ ဘေးလွတ်ရာတွင် ဆက်လက်တိမ်းရှောင်နေရဆဲ ဖြစ်သည်။

ကေအဲန်ယူ၏ ကျောက်ကြီးမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဝါးမူက‌ “ပရဲလိုချောင်း အနောက်ဖက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကတော့ အခုချိန်ထိ ရွာမှာ ပြန်နေလို့မရသေးပါဘူး။ စစ်ကြောင်းဝင်တာတွေကြောင့် တိမ်းရှောင်နေရတုန်းပါ။ ချောင်း အရှေ့ဖက်မှာလည်း လက်နက်ကြီးလှမ်းပစ်တာတွေ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေရှိနေတော့ ရွာထဲမှာကျန်ခဲ့တဲ့သူတွေလည်း စိုးရိမ်ထိတ်လန့်မှုနဲ့ သတိထားနေနေရတယ်” ဟု ကေအိုင်စီကို ပြောသည်။

အမိုးအကာမလုံလောက်သည့် နေရာများတွင် ခိုလှုံနေရသည့် ကျောက်ကြီးမြို့နယ်၊ စစ်ဘေးရှောင်များတွင်လည်း ယခုမိုးတွင်းကာလအတွင်း အရေပြားရောဂါ၊ ငှက်ဖျားနှင့် ရာသီတုပ်ကွေးရောဂါများ အဖြစ်များလာကြောင်း ပဒိုစောဝါးမူက ပြောသည်။

ထို့အတူ လယ်ဒိုမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (KRC)ထံ စုံစမ်းချက်အရ ဒေသအတွင်း စစ်ရေးပဋိပက္ခများအပြင် မိုးရာသီကာလ သဘာဝဘေးအန္တရာယ်များကြောင့် ဒေသခံစစ်ဘေးရှောင်ပြည်သူများမှာ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးအထိပါ အကူအညီလိုအပ်နေခြင်းရှိသည်။

ကေအဲန်ယူ၏ညောင်လေးပင်ခရိုင်တွင် စစ်အုပ်စုက တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်လှုပ်ရှားရာနယ်မြေရှိ ကျေးရွာများကို ပစ်မှတ်သဖွယ်ထား တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာသောကြောင့် လူထိခိုက်သေဆုံးမှု မကြာခဏဖြစ်ပွားရသလို နှစ်နှင့်ချီအိမ်မပြန်နိုင်သေးသော စစ်ရှောင်များ ရှိကြောင်းလည်း ဒေသခံများနှင့် နယ်မြေတာဝန်ရှိသူများထံမှ သိရသည်။