Home သတင်း စတားလင့်ခ်အားလုံးပိတ်ဆို့ခြင်းထက် အွန်လိုင်းငွေလိမ်စင်တာများကိုသာ ပစ်မှတ်ထားသင့်ဟု အရပ်ဖက်အဖွဲ့များ ထောက်ပြတောင်းဆို

စတားလင့်ခ်အားလုံးပိတ်ဆို့ခြင်းထက် အွန်လိုင်းငွေလိမ်စင်တာများကိုသာ ပစ်မှတ်ထားသင့်ဟု အရပ်ဖက်အဖွဲ့များ ထောက်ပြတောင်းဆို

15
Photo: Getty Image

ဇူလိုင် (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတွင် စတားလင့်ခ်အားလုံး ပိတ်ဆို့လိုက်ခြင်းသည် ဆက်သွယ်ရေးပြတ်တောက်လျက်ရှိသော ဒေသနေလူထုနှင့် လူသားချင်းစာနာထောက်ထားမှုအပေါ် ထိခိုက်မှုကြီးမားခြင်းကြောင့် အွန်လိုင်းငွေလိမ်စင်တာများကိုသာ ပစ်မှတ်ထားသင့်ကြောင်း ကရင်အပါအဝင် အရပ်ဖက်အဖွဲ့(၂၀၀)ကျော်က ထောက်ပြတောင်းဆိုသည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN) အပါအဝင် အရပ်ဖက်အဖွဲ့အစည်း(၂၀၄)ဖွဲ့၏ ဇူလိုင်လ(၁၇)ရက်နေ့က ပူးတွဲထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတစ်ဝှမ်း စတားလင့်ခ်များ ပိတ်ဆို့လိုက်ခြင်းကြောင့် ပြည်သူဘေးကင်းလုံခြုံရေး၊ ပညာရေးနှင့် လူသားချင်းစာနာထောက်ထားမှုကိစ္စများတွင်ပါ ထိခိုက်မှုရှိလာကြောင်း ဖော်ပြသည်။

SpaceX အနေဖြင့် ကျားဖြန့်ကွန်ရက်များကိုသာ ပိတ်ပင်၍ ပြင်ပမှစတားလင့်ခ်စက်များကို ချက်ချင်းပြန်ဖွင့်ပေးရန်၊ အရပ်သားနှင့်ရာဇဝတ်ဂိုဏ်းနေရာများကို ခွဲခြားသိရှိနိုင်ရေး မြေပြင်အရပ်ဖက်အဖွဲ့များမှတဆင့် စိစစ်အတည်ပြု၍ရသည့် ချန်နယ်တည်ဆောက်ရန် အရပ်ဖက်အဖွဲ့များက တောင်းဆိုထားသည်။

၎င်းတို့အနေဖြင့်လည်း နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို နှိမ်နင်းရန်ကြိုးပမ်းလုပ်ဆောင်နေသည့် အစိုးရ၊ အဖွဲ့အစည်းများနှင့် အတူရပ်တည်၍ ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေသည်ဟု ဆိုသည်။

မြန်မာစစ်အုပ်စုက ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထားခြင်းကြောင့် မြန်မာနိုင်ငံရှိ မြို့နယ်(၃၃၀)၏ ထက်ဝက်ကျော်မှာ ဖုန်းနှင့်အင်တာနက်လိုင်းများ မရရှိတော့ဘဲ စတားလင့်ခ်ဖြင့် အသက်ရှင်သန်ရေး အထောက်အကူရသည်အထိ မှီခိုနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Photo: Getty Image

ထို့အပြင် စတားလင့်ခ်မရှိခြင်းသည် ပြည်နယ်အစိုးရများ၏ ပြည်သူ့ဝန်ဆောင်မှုစနစ်နှင့် မီဒီယာလုပ်ငန်းများတွင် ထိခိုက်မှုရှိရုံမျှမက ကျန်းမာရေးလုပ်ငန်းများတွင် အနှောင့်အယှက်ဖြစ်လာခြင်း၊ အွန်လိုင်းစနစ်ဖြင့် ပညာသင်ယူမှုများ ထိခိုက်ခြင်း၊ လေကြောင်းရန်သတိပေးချက် မရ၍ လုံခြုံရေးထိခိုက်ခြင်းတို့ပါ ရှိလာသည်ဟု ဆိုသည်။

SpaceX အနေဖြင့် မြန်မာရှိ စတားလင့်ခ်အားလုံးကိုပိတ်ဆို့လိုက်ခြင်းက ငွေကြေးအင်အားတောင့်တင်းသည့် ကျားဖြန့်ကွန်ရက်များအတွက် ထိရောက်မှုရှိမည်မဟုတ်ဘဲ ဈေးကွက်ကိုပါဆုံးရှုံးသွားနိုင်ကြောင်းလည်း အရပ်ဖက်အဖွဲ့များက ထောက်ပြသွားသည်။

သန်းကြွယ်သူဌေး အီလွန်မတ်စ်ပိုင်ဆိုင်သည့် SpaceX ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ကျားဖြန့်(အွန်လိုင်းငွေလိမ်လုပ်ငန်း)များတွင် အသုံးပြုနေကြောင်း သံသဃရှိ စတားလင့်ခ်အင်တာနက်စက်ပေါင်း ၂,၅၀၀ ကျော်ကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလပိုင်းက ဖြတ်တောက်လိုက်ခြင်းရှိခဲ့သည်။

ထိုစဥ်က လူအများသိစေရန် SpaceX ဘက်က ထုတ်ဖော်ကြေညာမှုရှိခဲ့သော်လည်း ယခုတစ်ခေါက်တွင်မူ လူသိရှင်ကြားမထုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့်ဖြတ်တောက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုအထဲတွင် ကျားဖြန့်ကွန်ရက်များနှင့်မနီးစပ်သည့် မကွေး၊ စစ်ကိုင်းနှင့်ရခိုင်ပြည်နယ်တို့ ပါဝင်နေကြောင်းလည်း အရပ်ဖက်အဖွဲ့များက ထုတ်ပြန်ချက်မှတဆင့် ထောက်ပြနေသည်။