Home သတင်း ထိုင်းနိုင်ငံ၊ မုဒါဟန်ခရိုင်တွင် ၁၁ နှစ်အရွယ် ကလေးငယ် မောင်းနှင်သည့်ကား ဘုန်းတော်ကြီးတန်းကို ဝင်တိုက်၊ သံဃာတော် ၈ ပါး ပျံလွန်တော်မူ

ထိုင်းနိုင်ငံ၊ မုဒါဟန်ခရိုင်တွင် ၁၁ နှစ်အရွယ် ကလေးငယ် မောင်းနှင်သည့်ကား ဘုန်းတော်ကြီးတန်းကို ဝင်တိုက်၊ သံဃာတော် ၈ ပါး ပျံလွန်တော်မူ

12
Photo: Social Media

ဇူလိုင်လ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-လာအိုနယ်စပ်၊ မုဒါဟန်ခရိုင်တွင် ယနေ့ နံနက်ပိုင်းက အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး မောင်းနှင်လာသည့်ကားသည် သာသနာပြုခရီးစဉ်ကြွချီလာသည့် ဘုန်းတော်ကြီးတန်းကို အရှိန်ပြင်းစွာ ဝင်ရောက်တိုက်မိခဲ့ရာ သံဃာတော် ၈ ပါး ပျံလွန်တော်မူပြီး ၁၃ ပါး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ရေးသားထားသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇူလိုင်လ ၂ ရက်) ထိုင်းစံတော်ချိန် နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် မုဒါဟန်ခရိုင်၊ နာဆီနွန်ကျေးရွာအနီး လမ်းမကြီးတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အူဘွန်ရချ်ဌာနီခရိုင်၊ နမ်ခွမ်ဒေသမှ မုဒါဟန်ခရိုင်၊ နာဆီနွန်ကျေးရွာဘက်သို့ ဒေသစာရီ ကြွချီလာသော သံဃာတော်များအား အဆိုပါ ကားက ရှေ့မှဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း ထိုင်း သတင်းအရင်းအမြစ်များက ဖော်ပြသည်။

ယာဉ်တိုက်မှုကြောင့် သံဃာတော် ၅ ပါးမှာ နေရာတွင်ပင် ပျံလွန်တော်မူခဲ့ပြီး ကျန် ၃ ပါးမှာ မုဒါဟန်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။ ထို့အပြင် ဒဏ်ရာရရှိသူ ၁၃ ပါးမှာလည်း ပြင်းထန်သော ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေရကြောင်း ကနဦးသတင်းများတွင် ရေးသားကြသည်။

ထွက်ပေါ်လာသော စီစီတီဗွီ မှတ်တမ်းများအရ ကားတစ်စီးသည် ဘုန်းတော်ကြီးများကြွချီရာ လမ်းကြောင်းအတွင်းသို့ အရှိန်ဖြင့် ဝင်ရောက်လာခြင်းကို တွေ့ရသည်။

Photo: Social Media

ထိုင်းသတင်းများ၏ ရေးသားဖော်ပြချက်အရ ယာဉ်မောင်းသူမှာ အထူးဂရုစိုက်စောင့်ရှောက်ရန် လိုအပ်သည့် (Special Needs) ကလေးငယ်တစ်ဦးဖြစ်ပြီး ဖခင်၏ကားကို ခွင့်ပြုချက်မရှိဘဲ ယူဆောင်မောင်းနှင်လာခြင်းဖြစ်ကာ နေအိမ်မှ ဒွန်တန်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာစဉ် ယခုကဲ့သို့ အသက်ဆုံးရှုံးမှုများပြားသည့် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ကလေးငယ်မှာ ထိတ်လန့်တုန်လှုပ်နေသဖြင့် ရဲတပ်ဖွဲ့က စိတ်တည်ငြိမ်လာချိန်တွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိသည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံဥပဒေအရ အသက် ၁၅ နှစ်အောက် ကလေးငယ်များအား ယာဉ်မောင်းနှင်ခွင့်ပြုခြင်း သို့မဟုတ် မိဘ၊ အုပ်ထိန်းသူများအနေဖြင့် လျစ်လျူရှုမှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွားပါက ဥပဒေအရ ပြင်းထန်စွာ အရေးယူခံရနိုင်ကြောင်း သိရသည်။