ဇူလိုင် ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင် (တပ်မဟာ-၁ နယ်မြေ) ဘီးလင်းမြို့နယ်၊ တာပေါ (ဝင်းတာပန်) ကျေရွာအုပ်စုအတွင်း စစ်ဘေးတိမ်းရှောင်နေရသည့် ကျေးရွာ ၃ ရွာရှိ အိမ်ထောင်စုပေါင်း (၃၁၉) စုမှ လူဦးရေ (၁,၈၉၈) ဦးကို ယခု ဇူလိုင်လအစောပိုင်းတွင် ငွေကြေးပမာဏ တချို့ ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်-KPSN က ယမန်နေ့ သတင်းထုတ်ပြန်ထားသည်။
တာပေါ (ဝင်းတာပန်) ကျေရွာအုပ်စုရှိ တာပေါ၊ တာပေါခီးနှင့် ကမဲ စသည့် ကျေးရွာများသည် ပြီးခဲ့သည့် ဧပြီလအစောပိုင်းတွင် လေးကေရှိ စစ်တပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စခန်း ပြန်လည်ရရှိရေးအတွက် စစ်အုပ်စု၏ မြေပြင်ထိုးစစ်ဆင်မှုများကြောင့် နှစ်ဖက်တိုက်ပွဲ ကြောင့် ထောင်နှင့်ချီသော ကျေးရွာနေပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
KPSN မီဒီယာတာဝန်ခံ စောအယ်ဒိုဝါး “ ကျနော်တို့ KPSN အနေနဲ့ သထုံခရိုင်က စစ်ဘေးရှောင်တွေကို အခုဆိုရင် နှစ်ကြိမ် ထောက်ပံ့ပေးနိုင်ခဲ့ပါပြီ။ ပထမအကြိမ်တုန်းက အီးလူ (အလူးကြီး) အုပ်စု၊ ဖိုးဝါးသိမ်ရွာဘက်ကို ထောက်ပံ့ခဲ့တာပါ။ များသောအားဖြင့် ငွေသားကိုပဲ ခရိုင်ခေါင်းဆောင်တွေဆီ လွှဲပေးပြီး သူတို့က မြန်မာကျပ်ငွေနဲ့ လဲလှယ်ကာ မိုးကာ၊ ဆန်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို လိုအပ်သလို ဝယ်ယူပြီး စစ်ဘေးရှောင်တွေကို ပြန်လည်ဖြန့်ဝေပေးပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
လတ်တလော ကူညီထောက်ပံ့မှုတွင် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်-KPSN ဦးဆောင်မှုဖြင့် ခရိုင်တာဝန်ရှိသူများ အပါအဝင် ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များ ဆိုင်ရာကော်မတီ-CIDKPတို့လည်း ပူးပေါင်း ပါဝင်လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

“ အရပ်သားတစ်ယောက်ကို ကျပ် ၃၀,၀၀၀ နှုန်း ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါ့အပြင် ကရင် ဒုက္ခသည်များကူညီစောင့်ရှောက်ရေးကော်မတီ- CIDKP က လှူဒါန်းထားတဲ့ စားနပ်ရိက္ခာအိတ် ၃၀၀ ကိုလည်း အိမ်ထောင်စုတစ်စုကို တစ်အိတ်နှုန်းနဲ့ တစ်ခါတည်း ခွဲဝေပေးခဲ့ပါတယ်” ဟု ကေအဲန်ယူ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။
လက်ရှိ အဆိုပါကျေးရွာများမှ တိမ်းရှောင်ထွက်ပြေးကြသော ဒေသခံများသည် လုံခြုံရေးစိုးရိမ်ချက်ကြောင့် အများစုက နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာ အသိမိတ်ဆွေ၊ ဆွေမျိုးများရှိရာ ကျေးရွာများတွင် သွားရောက် တိမ်းရှောင် နေထိုင်ကြသူများရှိသည်။ နေရပ်ပြန်နိုင်သည့် ရွာခံအချို့မှာလည်း နှစ်ဖက်ထိ တွေ့တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည့်အရေး စိုးရိမ်ချက်ဖြင့် သတိထား နေထိုင်ရသည်ဟု ပဒို စောအေးနိုင်က ဖြည့်စွက် ပြောသည်။
ထို့အပြင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် လုံခြုံရေးအခြေအနေများကြောင့် အဆိုပါ ကျေးရွာ ၃ ရွာမှ ဒေသခံများသည် လယ်ယာလုပ်ငန်း လုပ်ကိုင်ရန်အခက်အခဲရှိနေကြရသလို တိုက်ပွဲကြောင့် စစ်ရှောင်ကာလကြာလာသည်နှင့်အမျှ နေရာထိုင်ခင်းနှင့် စားရေးသောက်ရေးကဲ့သို့ စားဝတ်နေရေး အခက်အခဲများ ပိုမိုကြုံတွေ့လာရနိုင်သည်ဟု ခရိုင်ဝာာဝန်ရှိသူများဘက်က ဆိုသည်။
ကေအဲန်ယူ ဒူးသထူခရိုင်၏ မှတ်တမ်းအရ ဘီးလင်းမြို့နယ်တွင် တိုက်ပွဲပဋိပက္ခကြောင့် စစ်ရှောင်နေကြရသော ဒေသခံစုစုပေါင်း တစ်သောင်းကျော်ရှိကြောင်း ဧပြီလအတွင်း ထုတ်ပြန်ချက်အရ သိရသည်။



















