Home သတင်း မြန်မာ့အရေး ပဋိပက္ခအင်အားစုများဖြင့် တွေ့ဆုံပြီးစီးကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

မြန်မာ့အရေး ပဋိပက္ခအင်အားစုများဖြင့် တွေ့ဆုံပြီးစီးကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

7
Photo: DFA

ဇူလိုင် ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာ့အရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင် စစ်အုပ်စု၏ ကိုယ်စားလှယ်များနှင့် ပြီးခဲ့သည့် ဇူလိုင်လ (၁၂) ရက်မှ (၁၃) ရက်အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ဆွေးနွေးပွဲတွင် တွေ့ဆုံပြီးစီးသွားကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဇူလိုင် ၁၄ ရက်) တွင် တရားဝင်ထုတ်ပြန်သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်၏ နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ပါဝင်သည့် ဝန်ကြီးများအဖွဲ့က ဇူလိုင်လ (၁၂) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ စစ်အုပ်စုကိုယ်စားလှယ် ဦးတင်မောင်ဆွေနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဇူလိုင် (၁၃) ရက်တွင်လည်း မြန်မာ့တော်လှန်ရေးအင်အားစု တိုင်းရင်းသားလက်နက်ကိုင်များ၊ စစ်အုပ်စု၏ ငြိမ်းချမ်းရေးညှိနှိုင်းမှုကောင်စီ (NSPNC) တို့နှင့် ပတ္တရားမြို့တွင် ဆက်လက်တွေ့ဆုံခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက သဘာပတိအဖြစ် ကြီးမှူးကျင်းပသည့် အစည်းအဝေးတွင် စစ်အုပ်စုကိုယ်စားလှယ် ဦးတင်မောင်ဆွေက အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်ကို မြန်မာက အကောင်အထည်ဖော်နေမှု၊ ၎င်းတို့၏ ရက် (၁၀၀) ငြိမ်းချမ်းရေးနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေးအစီအမံများကိုပါ ချပြရှင်းလင်းသွားသည်ဟု ဆိုသည်။

အာဆီယံဝန်ကြီးများဘက်က ဘုံသဘောတူညီချက် (၅) ရပ်ကို အလေးပေးပြောကြားခဲ့ပြီး လိုအပ်နေသော ဒေသများသို့ အကူအညီသွားရောက်ခွင့် ပိုမိုရရှိစေရန် ရည်ရွယ်သည့် လူသားချင်းစာနာမှုအစီအစဉ်အား ယခု ၂၀၂၆ ခုနှစ် ကုန်ပိုင်းတွင် မြန်မာသို့ စေလွှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မြန်မာစစ်အုပ်စုနှင့် အာဆီယံဝန်ကြီးများ လူချင်းတွေ့ဆုံမှုသည် စစ်အာဏာသိမ်း ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သောကြောင့် ထင်ရှားသည်ဟု ဖိလစ်ပိုင်ဘက်က သတ်မှတ်သည်။

ထို့အတူ ဇူလိုင်လ (၁၃) ရက်နေ့က အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်၏ နိုင်ငံခြားရေးဝန်ကြီးနှင့် NSPNC အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ တွေ့ဆုံမှုတွင်လည်း မြန်မာ့ပဋိပက္ခအရေးအတွင်း သက်ဆိုင်သူအားလုံး ပါဝင်မည့် ဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးအတွက် ဆွေးနွေးခြင်း ရှိခဲ့သည်။

၎င်းဆွေးနွေးပွဲတွင် မြန်မာပြည်တောင်ပိုင်း တော်လှန်ရေးဦးဆောင်အဖွဲ့ ကေအဲန်ယူ – ကရင်အမျိုး သားအစည်းအရုံးနှင့် မိတ်ဖက်တိုင်းရင်းသားလက်နက်ကိုင်တချို့ ပါဝင်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၏ ထုတ်ပြန်ချက်တွင် တက်ရောက်လာသည့် လက်နက်ကိုင်အဖွဲ့အမည်များကို ဖော်ပြမထားသော်လည်း သက်ဆိုင်သူများအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် လက်ခံရန် အဆင်သင့်ရှိနေသည့်သဘော ဖော်ပြသည်။

ကေအဲန်ယူဘက်ကမူ ထိုင်းနိုင်ငံသို့ သွားရောက်သည့် အစည်းအဝေးတွင် မပါဝင်ကြောင်း ကေအိုင်စီ၏ မေးမြန်းချက်ကို ငြင်းဆိုခဲ့သည်။ ထို့အတူ ကေအဲန်ယူထိန်းချုပ်သည့် ဒေသများတွင်လည်း စစ်အုပ်စု၏ ထိုးစစ်ဆင်မှုများ၊ စစ်ရေးပဋိပက္ခများနှင့် လေကြောင်းတိုက်ခိုက်မှုများမှာ စစ်အုပ်စု၏ ငြိမ်းချမ်းရေးရက်ပေါင်း (၁၀၀) အတွင်း ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

အာဆီယံ၏ အလှည့်ကျစနစ်အရ ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူရ မည်ဖြစ်သည်။ သို့သော် ပြည်တွင်းပဋိပက္ခများကြောင့် မြန်မာအစား ဖိလစ်ပိုင်နိုင်ငံက လက်ရှိဥက္ကဋ္ဌတာဝန် ယူထားခြင်းဖြစ်သည်။