Home သတင်း ပဋိပက္ခဒေသများသို့ အကူအညီပေးနိုင်ရေး အသွားအလာကန့်သတ်ချက်နှင့် စီမံအုပ်ချုပ်မှုကြောင့် အဟန့်အတားဖြစ်နေ

ပဋိပက္ခဒေသများသို့ အကူအညီပေးနိုင်ရေး အသွားအလာကန့်သတ်ချက်နှင့် စီမံအုပ်ချုပ်မှုကြောင့် အဟန့်အတားဖြစ်နေ

8
Photo - WFP & UNOCHA

ဇူလိုင် (၁၄) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံ၊ ပဋိပက္ခဒေသများသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ထိရောက်စွာပေးနိုင်ရန် သွားလာရေးဆိုင်ရာကန့်သတ်ချက်နှင့် စီမံအုပ်ချုပ်မှု လိုအပ်ချက်များကြောင့် အဟန့်အတားရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က ယမန်နေ့ ဇူလိုင်လ (၁၃)ရက်တွင် ထုတ်ပြန်သည်။

အကူအညီအလိုအပ်ဆုံးနေရာများသို့ လူသားချင်းစာနာထောက်ထားမှုပေးရာတွင် ဘေးကင်းလုံခြုံပြီး နှောင့်နှေးကြန့်ကြာမှုမရှိဘဲ စဉ်ဆက်မပြတ်‌ကူညီပေးရန် အရေးကြီးနေသော်လည်း ထိရောက်စွာ မလုပ်နိုင်သည့် စိန်ခေါ်မှုများရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းဖြစ်ပွားမှု နိုင်ငံများထဲတွင် မြန်မာက တစ်ခုအပါအဝင်ဆက်လက်ရပ်တည်နေသလို ပဋိပက္ခ၊ နေရပ်စွန့်ခွာတိမ်းရှောင်ရခြင်း၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအန္တရာယ်များနှင့် သွားလာရေးအခက်အခဲများကြောင့် နိုင်ငံတစ်ဝှမ်းရှိ လူဦးရေ(၁၆)သန်းကျော်သည် အကူအညီလိုအပ်နေဆဲဖြစ်ကြောင်း UNOCHA က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် နိုင်ငံတစ်ဝှမ်း နေရပ်စွန့်ခွာထွက်ပြေးနေရသူဦးရေမှာ ၃ ဒဿမ ၈သန်း နီးပါးရှိနေသည်ဟု UNOCHA က ခန့်မှန်းထားပြီး အများစုသည် အကြိမ်ကြိမ် ထွက်ပြေးတိမ်းရှောင်နေကြရသူများဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

Photo – WFP & UNOCHA

အထူးသဖြင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာမှုများ ဆက်လက်ရှိနေကြောင်း ထောက်ပြထားသည်။

၂၀၂၆ ခုနှစ်အတွင်း လိုအပ်သည့် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၉၀ သန်းအနက် ၄၃ ရာခိုင်နှုန်းသာ ရရှိနေသေးကြောင်းလည်း အစီရင်ခံစာထုတ်ပြန်ချက်က ဖော်ပြနေသည်။

ယခုနှစ် မတ်လကုန်အထိ အလှူရှင်ထောက်ပံ့မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက နိုင်ငံတစ်ဝှမ်း အကူအညီပေးအပ်ရန် လျာထားသည့် လူဦးရေ ၄ ဒဿမ ၉သန်းဖြစ်သည်။ ထိုအထဲတွင် ဦးစားပေးမှုအမြင့်ဆုံး မိသားစုဝင် လူဦးရေ ၁ ဒသမ ၆သန်းကို အကူညီပေးနိုင်ခဲ့သည်ဟု UNOCHA ၏ အစီရင်ခံစာအရ သိရသည်။

လက်ရှိ ပဋိပက္ခဖြစ်သည့် တိုင်းရင်းသားဒေသများတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထိရောက်စွာရောက်ရှိရန်လိုအပ်နေ၍ ဒေသအတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့်လက်တွဲကာ နယ်စပ်ဖြတ်ကျော်အကူညီပေးရန်အတွက်လည်း အရပ်ဖက်အဖွဲ့များက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာသို့ မကြာခဏတောင်းဆိုခြင်းရှိခဲ့သည်။