Home သတင်း ဖလူး-မင်းလက်ပံ တိုက်ပွဲတကျော့ပြန်ပြင်းထန်လာအပြီး နယ်စပ်ဂိတ်အချို့ အသွားအလာပိတ်

ဖလူး-မင်းလက်ပံ တိုက်ပွဲတကျော့ပြန်ပြင်းထန်လာအပြီး နယ်စပ်ဂိတ်အချို့ အသွားအလာပိတ်

14
Photo: Social Media

ဇူလိုင် (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီတောင်ပိုင်း၊ ဖလူး-မင်းလက်ပံတိုက်ပွဲ တကျော့ပြန်ပြင်းထန်လာပြီးနောက် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကူးသန်းသွားလာသည့် သဘာဝဂိတ်(တရားမဝင်ဂိတ်)အချို့ကို ထိုင်းအာဏာပိုင်ဘက်က ယနေ့ ဇူလိုင်လ(၃)ရက်နေ့မှ စတင်ပိတ်ထားလိုက်ကြောင်း နယ်စပ်သတင်းအရင်းအမြစ်မှ သိရသည်။

ယမန်နေ့ (ဇူလိုင်လ ၂)ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မဲ့ကိုကင်းကျေးရွာတွင် ရွာတာဝန်ရှိသူများနှင့် ထိုင်းအာဏာပိုင်တို့ အစည်းအဝေးပြုလုပ်သွားခြင်းဖြစ်ပြီး လုံခြုံရေးအရ မင်းလက်ပံ-အင်ကြင်းမြိုင်နှင့် တဖက်ကမ်းရှိ မဲ့ကိုကင်း-မယ်ကု ကြား သဘာဝမြစ်ကူးဂိတ်နေရာများကို ဖြတ်သန်းသွားလာခွင့်မပြုရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ရွာနေလူထုက ဆိုသည်။

“သောင်ရင်းမြစ်ကို ပေးမဖြတ်တော့ဘူး၊ အစားအစာတွေလည်း ယူခွင့်မပြုတော့ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကြီးကျည်တွေကျတာ ဒီမှာရှိတဲ့လူတွေက တော်တော်လေး ခံရတယ်၊ အိမ်တွေထိခိုက်တာလည်း ရှိတယ်။ ထိုင်းက မြန်မာစစ်တပ်ကို သွားပြောလည်း ကျည်ကျတာ ထိုင်းလူမျိုးတွေရဲ့ အိမ်တွေကို မထိဘူး၊ မြန်မာလူမျိုးတွေရဲ့ အိမ်တွေပဲထိတယ်ဆိုပြီး တာဝန်မဲ့ ပြန်ပြောတာမျိုးပဲရှိခဲ့တာ” ဟု မဲ့ကိုကင်း ရွာခံတစ်ဦးက ပြောသည်။

မဲ့ကိုကင်းဘက်၊ ရပ်ကွက်နေရာ(၄)ခုမှာ လတ်တလောပိတ်လိုက်သည့်ဂိတ်များတွင် ပါဝင်ပြီး ၎င်းတို့အပါအဝင် ဂိတ်အားလုံးကို (၃)လ ပိတ်ထားရန်ဖြစ်ကြောင်း နယ်စပ်နေလူထုအကြား သတင်းထွက်နေသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုရန် ကြိုးပမ်းနေဆဲဖြစ်သည်။

နောက်ထပ် မဲ့ကိုကင်းရွာနေ အမျိုးသားတစ်ဦးက “ကုန်ရော လူရော သွားနေတဲ့တရားမဝင်ဂိတ်လေးတွေပါ။ မဲ့ကိုကင်းကနေ မယ်ကုတောက်လျှောက်ရှိနေတာ။ အခုအဲဒီဂိတ်တွေကို ပိတ်မယ်၊ (၃) လလို့ကြားတယ်။ ဂိတ်တွေမှာလည်း ထိုင်းစစ်သားတွေရော တောမောင်းတွေရော လုံခြုံရေးချထားတယ်၊ အခုနောက်ပိုင်း တအားစစ်တော့ သိပ်တောင်အသွားအလာမလုပ်ရဲကြတော့ဘူး” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် ပြီးခဲ့သည့်ဇွန်လနောက်ဆုံးအပတ်က မဲ့ကိုကင်းရွာ၊ အစိုးရစာသင်ကျောင်းအထိ မြန်မာဘက်ကတိုက်ပွဲမှ လက်နက်ကျည်ကျရောက်ခြင်းရှိခဲ့သည်။ ထိုဖြစ်စဥ်နောက်ပိုင်း လုံခြုံရေးကြောင့် ကျောင်းသားများ နေရာပြောင်းရွှေ့ စာသင်ရသလို တချို့ကျောင်းများလည်း ယာယီပိတ်ထားရဆဲဖြစ်ကြောင်း ကျောင်းသားမိဘအသိုင်းအဝိုင်းက ဆိုသည်။

မြန်မာစစ်အုပ်စုသည် ယမန်နှစ်ကုန်ပိုင်းကတည်းက ဖလူး-မင်းလက်ပံရှိ တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်ရာနေရာများကို အင်အားသုံး ထိုးစစ်ဆင်နေသည်။ သို့သော် တော်လှန်ရေးအင်အားစု၏ခုခံတိုက်ခိုက်မှုတွင် စစ်အုပ်စုက နယ်မြေထိုးဖောက်ထိန်းချုပ်နိုင်စွမ်း မရှိသေးသဖြင့် လေကြောင်းနှင့်လက်နက်ကြီးအင်အား အများအပြား အသုံးပြုခဲ့သလို စစ်ရေးအခြေအနေကြောင့် တဖက်က ဒေသခံများမှာလည်း လက်ရှိအချိန်ထိ စစ်ဘေးတိမ်းရှောင်ရခြင်းရှိသည်။