Home သတင်း တောင်ငူမြို့ ရှေးဟောင်းကျုံးနှင့်မြို့ရိုး တူးဖော်မှုစီမံကိန်းကြောင့် မြို့ပေါ်ရပ်ကွက်အချို့ ရေကြီးနေ

တောင်ငူမြို့ ရှေးဟောင်းကျုံးနှင့်မြို့ရိုး တူးဖော်မှုစီမံကိန်းကြောင့် မြို့ပေါ်ရပ်ကွက်အချို့ ရေကြီးနေ

9
Photo: တောင်ငူသတင်းစာမျက်နှာ

ဇူလိုင် (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ရှေးဟောင်းမြို့ရိုးနှင့်ကျုံးများ ပြန်လည်တူးဖော်သည့် စီမံကိန်းကြောင့် ရေနုတ်မြောင်းစနစ်ပိတ်ဆို့ကာ ရေထွက်ပေါက်မရှိသဖြင့် ယခုနှစ်မိုးရာသီတွင် မြို့ပေါ်ရပ်ကွက်အချို့၌ ရေကြီးရေလျှံမှုထပ်မံဖြစ်ပွားနေကြောင်း မြို့နေလူထုထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှစတင်ကာ တောက်လျှောက်ပြုလုပ်လာသည့် စစ်အစိုးရ၏အဆိုပါစီမံကိန်းတွင် ကျုံးအတွင်း နှုန်းများတူးဖော်ခြင်းနှင့် မြေထိန်းနံရံများပြုလုပ်ခြင်းတို့ ပါဝင်သည်။

ယင်းကြောင့် မြို့အတွင်းရှိရေများ ကျုံးအတွင်းစီးဝင်မှုကို ပိတ်ဆို့ခံလိုက်ရသလို ရေလွှဲ၊ ရေထွက်ပေါက် စနစ်တကျလုပ်ကိုင်မှုမရှိခြင်းကြောင့် ယခုနှစ် မိုးရာသီကာလ၌ တောင်ငူမြို့ အမှတ် (၂) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်များ ရေကြီးရေလျှံမှု ကြုံတွေ့နေရသည်ဟု ရပ်ကွက်နေထိုင်သူများက ဆိုသည်။

“အရင်ကဆို တောင်ငူမြို့ပတ်ပတ်လည် ကျုံးတွေထဲ ရေစီးဝင်တာ။ အခု ကျုံးထဲ အဝင်မခံတော့ ရေကြီးတာပေါ့။ ဒါက နိုင်ငံတော်သမ္မတရဲ့ စီမံကိန်းဆိုတော့လည်း ဘယ်သူမှ ကျုံးထဲ ရေမဖောက်ချရဲဘူး” ဟု အမည်မဖော်လိုသည့် အမှတ်(၂)ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

Photo: တောင်ငူသတင်းစာမျက်နှာ

ထို့အပြင် မြို့ပေါ်ရပ်ကွက်အချို့ရေကြီးခြင်းတွင် စာသင်ကျောင်းများလည်းအပါအဝင်ဖြစ်၍ ကျောင်းသူ၊ ကျောင်းသားများအတွက် ကျန်းမာရေးပြဿနာရှိလာနိုင်မည်ကိုလည်း မြို့နေလူထုက စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က မြို့အုပ်ချုပ်ရေးတာဝန်ရှိသူများမှ ကျုံးအတွင်းသို့ ရေဖောက်ချပေးမှုရှိခဲ့သည်။ ယခုနှစ်တွင်မူ တာဝန်ရှိသူအချို့မှ ရေကြီးသည့်ရပ်ကွက်များသို့ လှည့်လည်ကြည့်ရှုခြင်းရှိသော်လည်း ကျုံးအတွင်း ရေဖောက်ချခွင့်မပြုသလို လုပ်ဆောင်ချက်တစ်စုံတစ်ရာလည်းမရှိသေးဟု တောင်ငူမြို့ခံများကဆိုသည်။

မြို့ခံတစ်ဦးက “မိုးရာသီဆိုတော့ ခြင်ပေါက်ပွားနိုင်တယ်၊ ကလေးသူငယ်တွေ ချော်လဲရင် အသက်အန္တရာယ် စိုးရိမ်ရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ စည်ပင်တွေတော့ လာကြည့်သွားသေးတယ်” ဟု ကေအိုင်စီကို ပြောသည်။

ရေစီးရေလာ မကောင်းသည့်အတွက် တောင်ငူမြို့တွင် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှု ဖြစ်လေ့ရှိသည်။ ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ခုနှစ်က မြန်မာတစ်နိုင်ငံလုံးအနှံ့ မိုးရွာသွန်းမှုများပြီး ရေကြီးခဲ့ရာတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များလည်းအပါအဝင်ဖြစ်၍ လူသေဆုံးမှုများအထိ ဖြစ်ပေါ်ခဲ့သည်။