“ကရင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ စစ်ပွဲဆိုတာ ကျနော်တို့ ကရင်လူမျိုးတွေကိုယ်တိုင် ဖန်တီးတဲ့စစ်ပွဲ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ အင်မတန်ကြီးမားတဲ့ နိုင်ငံရေးပြဿနာကြောင့်သာ ဖြစ်ပေါ်လာရတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပါတယ်။”
ကရင်ငြိမ်းချမ်းရေး-KNU/KNLA-PC အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး စောကျော်ညွှန့်နှင့် ဆက်သွယ်မေးမြန်းခြင်း။
ဇူလိုင် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ -NSPNC နဲ့ KNU/KNLA-PC တို့ နေပြည်တော်မှာ သီးသန့် တွေ့ဆုံချိန် ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဘာတွေ ဆွေးနွေးခဲ့လဲ ၊ NSPNC ဘက်က ဘယ်လို သဘောထားမျိုး ရှိလဲ၊ ကရင့်လက်နက်ကိုင်အဖွဲ့တွေ ကွဲပြားနေတာက ကရင်ပြည်နယ် ဖက်ဒရယ်ယူနစ်တစ်ခုဖြစ်လာဖို့နေရာမှာ အဟန့်အတားဖြစ်စေလား ဆိုတာကို KNU/KNLA-PC အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး စောကျော်ညွှန့် နဲ့ ကေအိုင်စီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ဗိုလ်မှူးကြီးတို့ KNU/KNLA-PC နဲ့ NSPNC တို့ နေပြည်တော်မှာ သီးသန့် တွေ့ဆုံချိန်မှာပဲ ကရင်ပြည်နယ်ထဲမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာကိုတွေ့ရတယ်။ ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တာ ရှိလား ။ ဘာတွေဆွေးနွေးခဲ့လဲဆိုတာ ပြောပေးပါဦး ။
ဖြေ။ ကရင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့စစ်ပွဲဆိုတာက ကျနော့်အမြင်က ကျနော်တို့ကရင်လူမျိုးတွေကိုယ် တိုင်ဖန်တီးတဲ့စစ်ပွဲမဟုတ်ပါဘူး။ ကျနော်တို့ကရင်လူမျိုးတွေကိုယ်တိုင် ဖန်တီးတဲ့စစ်ပွဲရယ်လို့တော့ ကျနော်မမြင်ပါဘူး။ ကျနော်တို့ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ အင်မတန်ကြီးမားတဲ့နိုင်ငံရေးပြဿနာကြောင့်သာ ဖြစ်ပေါ်လာရတဲ့စစ်ပွဲတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်တယ်လို့ပဲ ကျနော်မြင်တယ်။ NSPNC အဖွဲ့၊ ကေအန်ယူအဖွဲ့ရယ်လို့တော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေ ပြန်စနိုင်အောင် မဖိတ်မဖြစ် ဖိတ်သင့်ဖိတ်ထိုက်တဲ့အဖွဲ့အစည်း မပြောမဖြစ် ပြောသင့်ပြောထိုက်တဲ့ပုဂ္ဂိုလ်တွေနဲ့ ပြောရေးဆိုခွင့်ရှိအောင် တွေ့ဆုံမှုရအောင် အဲ့ဒီပေါ်မှာတော့ NSPNC ကတော့ ကျနော်တို့မသိနိုင်တဲ့နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ ရှိနေတယ်ဆိုတာကိုတော့ အရိပ်အမြွက်အရ ကျနော်တို့သိရှိရတာတော့ရှိပါတယ်။
မေး။ လက်ရှိ ကရင်ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး NSPNC ဘက်က ဘယ်လို သဘောထားမျိုး ရှိတယ်လို့ထင်လဲ ။ သူတို့ဘက်က ဘယ်လို အရိပ်အယောင်မျိုး တွေ့ရလဲ ။
ဖြေ။ ဒီလက်နက်ကိုင်အဖွဲ့တွေကြားမှာ ကွဲပြားမှုတွေရှိတယ်ဆိုတာကလည်းပဲ ပကတိအရှိတရားပါ။ သို့သော် ဒီလူမျိုးကွဲပြားမှုတွေကြောင့် ကျနော်တို့ကရင်လူမျိုးသားရေးကိစ္စရပ်ကို ပျက်စီးရာပျက်စီးကြောင်းဖြစ်စေနိုင်လောက်တဲ့ သက်ရောက်မှုတို့ ပြည်ထောင်စုအတွက် အင်မတန်အရေးကြီးတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ထိပါးစေမယ့်ကိစ္စရပ်မျိုးအထိတော့ ဖြစ်မယ်ရောက်မယ်လို့ ကျနော့်အနေနဲ့မမြင်မိပါဘူး။
မေး။ ဗိုလ်မှူးကြီးအနေနဲ့ရော ကရင်ပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ဘာများ မှတ်ချက်ပေးလိုလဲ၊ ဘာများထောက်ပြပြောဆိုစရာ ရှိလဲ ။
ဖြေ။ ကျနော်တို့ရဲ့အစဉ်အလာလို့ပြောလား စောင့်ထိန်းရမယ့်ကျင့်ဝတ်လို့ဘဲပြောမလား ကျနော်တို့ဒီလိုမျိုး Bilateral တွေ့ဆုံမှုမှာပဲဖြစ်ဖြစ် ကျနော်တို့ 7EAO Alliance နဲ့တွေဆုံမှုတွေမှာပဲဖြစ်ဖြစ် ဒါအဖွဲ့စည်းတစ်ခုရဲ့ကိစ္စရပ်တွေကိုတော့ ပြောလေ့ပြောထမရှိပါဘူး။ ဒါကလည်းပဲ ကျနော်တို့အနေနဲ့ အစဉ်အလာဖြစ်နေတဲ့ ယဉ်ကျေးမှုတခုပဲဖြစ်ပါတယ်။ သို့သော်လည်း ကျနော်တို့ပြောပြောနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးလို့ပြောရင် ပါဝင်သင့်ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေ မလွဲမသွေပါဝင်ရမယ်ဆိုတာကတော့ ပြီးခဲ့တဲ့ 7EAO alliance မှာ ကျနော်တို့ပြောဆိုဆွေးနွေးခဲ့တာလည်း ရှိတယ်။ တဖက်ကလည်းပဲ အဲ့လိုမျိုးနားလည်မှုတွေရှိတယ်။ ဒီအပေါ်မှာကတော့ သက်ဆိုင်သူများအားလုံးပါဝင်ရေးဆိုတဲ့ စဉ်းစားချက်အပေါ်မှာ NSPNC ကတော့ ကျန်တဲ့အဖွဲ့တွေပေါ့ ကေအန်ယူရယ်လို့တော့ မဟုတ်ပါဘူး၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေ ပြန်စနိုင်အောင် မဖြစ်မနေဖိတ်သင့် ဖိတ်ထိုက်တဲ့အဖွဲ့စည်းတွေ မပြောမဖြစ် ပြောသင့်ပြောထိုက်တဲ့ပုဂ္ဂိုလ်တွေနဲ့ ပြောဆိုခွင့်ရှိအောင် တွေ့ဆုံမှုရအောင် NSPNC က ကျနော်တို့မသိနိုင်တဲ့နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေရှိတယ်ဆိုတာကိုတော့ အရိပ်အမြွက်အရ သိရပါတယ်။
ငြိမ်းချမ်းရေးက ကျနော်တို့တိုင်းပြည်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးတယ်ဆိုတာကိုတော့ NSPNC အနေနဲ့ နားလည်တာကိုတော့ ကျနော်တို့ရှုမြင်ရပါတယ်။ အဲ့ဒါကလည်း ကျနော်တို့ရဲ့ပကတိအရှိတရားကို ပြောတာပေါ့လေ။ နောက်ပြီးတော့ ကျနော်တို့ကရင်ပြည်နယ်ဆိုတာ ကျနော့်အမြင်အရ ဒီနိုင်ငံထဲမှာရှိနေတဲ့ ယူနစ်တခုပဲလေ။ ဒီနိုင်ငံထဲမှာဖြစ်ပေါ်နေတဲ့ ကောင်းခြင်း၊ ဆိုးခြင်းကတော့ ကျနော်တို့ရှောင်လွှဲလို့မရပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၁၊၂၀၂၂ ခုနှစ် ပတ်ဝန်းကျင်တုန်းကဆိုရင် ကျနော်တို့ကရင်ပြည်နယ်မှာ စစ်မီးတွေကူးမလာအောင်၊ ပိုပြီးတော့လည်းကြီးထွားမလာအောင်၊ တပ်မဟာ ၇ အဆင့်လောက် ကျနော်တို့ဝိုင်းထိန်းလို့ရအောင်ဆိုပြီးတော့ ကရင်လက်နက်ကိုင် ၄ ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့များ စည်းလုံးညီညွတ်ရေးကော်မတီမှာလည်း ကျနော်တို့ကြိုးပမ်းဆောင်ရွက်ခဲ့တာ ရှိပါတယ်။ သို့သော် မရပါဘူး။ ဒီမှာဖြစ်ပွားနေတဲ့ ကျယ်ပြန့်တဲ့ပဋိပက္ခက မဖိတ်ခေါ်သော်လည်းဘဲ ကျနော်တို့ဆီကို အလိုလိုရောက်လာတယ်ဆိုတာကတော့ ဘယ်လိုမှရှောင်လွှဲလို့မှမရတဲ့ပြဿနာဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကရင်ပြည်နယ်မှာလက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတစ်ခုရယ်ကြောင့်လို့တော့မပြီးဘူး။ ကျနော်တို့တစ်နိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စစ်ပွဲတွေ လက်နက်ကိုင်ပဋိပက္ခတွေ လျှော့ချဖို့လိုအပ်တယ်၊ ချုပ်ငြိမ်းဖို့လိုအပ်တယ်ဆိုတာကိုတော့ ရှုမြင်မှုတွေရှိတာပေါ့နော်။

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ၂၀၂၀ ခုနှစ်တုန်းက စတုတ္ထပင်လုံညီလာခံ မရပ်တန့်တဲ့အချိန်ထိ ကျနော်တို့နိုင်ငံအတွက် စိုးရိမ်နေရတဲ့
ဒီလိုမျိုးလက်နက်ကိုင်ပဋိပက္ခတွေကိုဖြစ်ပေါ်လာနိုင်တဲ့ အရိပ်အခြေရှိတဲ့အပေါ်မှာ ကျနော်တို့ကရင်ခေါင်းဆောင်တွေကလည်းပဲ အဲ့အချိန်တုန်းက ရှိနေတဲ့အစိုးရခေါင်းဆောင်တွေ တပ်မတော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်းနိုင်အောင် ကရင်ခေါင်းဆောင်တွေက ကြိုးပမ်းဆောင်ရွက်ခဲ့ဖူးတာရှိပါတယ်။ သို့သော် မအောင်မြင်ခဲ့ဘူးပေါ့ဗျာ။ ဒီအခြေနေကိုရောက်တာလာပေါ့။ ဆိုတော့ ကရင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့စစ်ပွဲဆိုတာက ကျနော့်အမြင် ကျနော်တို့ ကရင်လူမျိုးတွေကိုယ်တိုင် ဖန်တီးတဲ့စစ်ပွဲမဟုတ်ပါဘူး၊ ကျနော်တို့ကရင်လူမျိုးတွေ ကိုယ်တိုင်ဖန်တီးတယ်လို့တော့ ကျနော်မမြင်ပါဘူး၊ ကျနော်တို့တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ အင်မတန်ကြီးမားတဲ့နိုင်ငံရေးပြဿနာကြောင့်သာ ဖြစ်ပေါ်လာတဲ့စစ်ပွဲတွေ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်တယ်လို့ပဲ ကျနော့်အနေနဲ့ထင်မြင်တယ်။
ကျနော်တို့ကရင်ပြည်နယ်ဆိုတာလည်းပဲ ခုနကပြောသလို ဒီနိုင်ငံထဲမှာရှိနေတဲ့ယူနစ်တစ်ခု ဖြစ်တဲ့တွက်ကြောင့်မို့လို့ ဒီတစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ပြဿနာ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ နိုင်ငံရေးမကျေလည်တဲ့ပြဿနာ ဒီပြဿနာကနေ အခြေခံပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ စစ်ပွဲတွေကလည်းပဲ ဒီနိုင်ငံမှာရှိနေတဲ့ကျနော်တို့ကရင်ပြည်နယ်ယူနစ်တခုကပဲ ဘယ်လိုမှရှောင်လွဲလို့မရတဲ့အခြေအနေ ရောက်နေတဲ့အတွက်ကြောင့် ယနေ့အထိ လက်နက်ကိုင်ပဋိပက္ခတွေက ဆက်ပီးတော့ဖြစ်ပေါ်နေတယ်။
ဆက်ပီးတော့ အားကောင်းနေတယ်ဆိုတာ ပကတိအရှိတရားဖြစ်တယ်လို့ ကျနော်ယူဆမိပါတယ်။ ဒါကြောင့်မလို့ ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေပဲဖြစ်ဖြစ် ၊တခြားသောပြည်နယ်မှာ ဖြစ်ပေါ်နေသောစစ်ပွဲတွေပဲဖြစ်ဖြစ် ဒီစစ်ပွဲတွေအားလုံးကို ကျနော်တို့လျှော့ချနိုင်အောင် ရပ်တန့်နိုင်အောင် ကျနော်တို့လုပ်ဆောင်ရမယ့် တော်တော်လေးခက်ခဲတဲ့ ပြသနာရပ်ကြီးတစ်ခုဖြစ်ပါတယ်။ အဲ့ဒါကြောင့်မလို့ ကျနော်တို့နိုင်ငံအတွက် ပြည်ထောင်စုအတွက် အရမ်းကိုအရေးကြီးတဲ့ အရမ်းကိုလည်း မရှိမဖြစ်လိုအပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကတော့ ကျနော်တို့အနေနဲ့ အခက်အခဲအမျိုးမျိုးကြားက ကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်မယ်လို့ထင်ပါတယ်။ နောက်တစ်ချက်က ကျနော်တို့ပြောပြောနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆိုတာကလည်းပဲ ကျနော်တို့နိုင်ငံကို ကျနော်တို့အရင်ကပြောနေခဲ့သလို ဒီမိုကရေစီနဲ့ဖယ်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့အပ်တယ်။ တချို့ကလည်း ဖက်ရယ်ပြည်ထောင်စုလို့လည်းခေါ်ကြတယ် ဘယ်လိုပဲခေါ်ခေါ် အဲ့ဒီပြည်ထောင်စုကိုတော့ တည်ဆောက်ဖို့လိုအပ်တယ်။
အဲ့ဒီလိုတည်ဆောက်တဲ့အခါကျရင်လည်း အမည်နာမအရ တစ်ခုသာမဟုတ်ဘဲနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်အနှစ်သာရတွေ ပြည့်ပြည့်ဝဝ ဥပမာ- ဒီမိုကရေစီဆိုရင်လည်းပဲ လူထုတွေရဲ့ဆန္ဒသဘောထားတွေနဲ့ကိုက်ညီတဲ့ လောကပါလသုံးပါး လွတ်လပ်ရေး တန်းတူညီမျှမှု တရားမျှတမှု စတာတွေ ပြည့်ပြည့်စုံစုံရှိရမယ်။ ဖက်ဒရယ်လို့ပြောလိုက်မယ်ဆိုရင် ကျနော်တို့တိုင်းရင်းသားတွေ အနှစ်နှစ်အလလ တမ်းတနေတဲ့ ဒီမိုကရေစီအရေး အမျိုးသားတန်းတူအရေး ကိုယ်ပိုင်ရပ်တည်ခွင့်အရေး အပြည့်အဝအာမခံရှိတဲ့ ပြည်ထောင်စုမျိုးကို ကျနော်တို့ပြောတာဖြစ်ပါတယ်။ အဲ့ဒီပြည်ထောင်စုမျိုးကို ကျနော်တို့က အားလုံးတွေ့ဆုံညှိနှိုင်း၊ သဘောတူညီချက်နဲ့တည်ဆောက်နိုင်မှသာလျှင် ကျနော်တို့ပြောပြောနေတဲ့ ရေရှည်တည်တံ့ခိုင်မြဲငြိမ်ချမ်းရေးကို ကျနော်တို့တည်ဆောက်နိုင်မယ်လို့ယုံကြည်တယ်။ အဲ့ဒါကြောင့်မို့လို့ ဒီငြိမ်းချမ်းရေးနဲ့ဆန့်ကျင်ဖက် အခုလက်ရှိ ကျနော်တို့တွေ့နေရတဲ့ လက်နက်ကိုင်ပဋိပက္ခ ကရင်ပြည်နယ်စစ်ပွဲပဲဖြစ်ဖြစ် ရခိုင်ပြည်နယ် ချင်းပြည်နယ် ကချင်ပြည်နယ်စစ်ပွဲတွေပဲဖြစ်ဖြစ် အဲ့ဒါတွေကို ကျနော်တို့က လျှော့ချနိုင်အောင် နည်းလမ်းရှာကြံမှုကတော့ အရေးကြီးတယ်။ အဲ့ဒီလိုလျှော့ချလာနိုင်တာနဲ့တပြိုင်နက် ဒီနိုင်ငံရဲ့အရင်းခံအကြောင်းတရား နိုင်ငံရေးပြဿနာတွေကို စစ်ရေးနည်းနဲ့မဟုတ်ဘဲနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးနည်းနဲ့အဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုအသစ်ပေါ်မှာ ကျနော်တို့က ပြည်ထောင်စုအကျိုးကိုရှေ့ရှုပြီးတော့ စကားပြောနိုင်တဲ့အခင်းအကျင်းတွေကို များများစားစား ပေါ်ပေါက်လာနိုင်အောင်လည်းပဲ ကျနော်တို့လုပ်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက အခက်အခဲ စိန်ခေါ်မှုတွေ အများကြီးရှိတယ်ဆိုတာကိုတော့ နားလည်ပါတယ်။
ကျနော်တို့ ကရင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ဘယ်စစ်ပွဲပဲဖြစ်ဖြစ် ကျနော်တို့တိုင်းပြည်နဲ့ပြည်သူလူထုအတွက် နိုင်ငံသားတွေအတွက်ကတော့ ကောင်းကျိုးဖြစ်တယ်ရယ်လို့တော့ ကျနော်မမြင်မိပါဘူး၊ သို့သော်လည်းပဲ စစ်ပွဲကဖြစ်နေပါပြီ၊ ဒါတွေကလည်း အကြောင်းတရားတစ်ခုခုမရှိဘဲနဲ့ အကျိုးတရားဖြစ်လာတာမဟုတ်ဘူးလေ။ သူ့ဟာနဲ့သူတော့ အကြောင်းတရားရှိလို့ပဲ ဒီလိုမျိုးအခြေအနေတွေ ကျနော်တို့တွေ့နေရတာပေါ့ဗျာ။ ဖြစ်နေတာတွေအပေါ် တစ်ယောက်နဲ့တစ်ယောက် အပြစ်မြင်တာတွေထက်စာရင် ပြည်ထောင်စုအကျိုးကိုကြည့်ပီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်လာဖို့ လက်ရှိဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ဆန့်ကျင်ဖက် ပဋိပက္ခတွေကို ကျနော်တို့ ကရင်ပြည်နယ်တစ်ခုထဲမဟုတ်ဘဲ ကျန်တဲ့ပြည်နယ်တွေကလည်းပဲ လျှော့ချနိုင်အောင် ရပ်တန့်နိုင်အောင် ကြိုးစားပြီးတော့ လုပ်ဆောင်ပြီးတော့ တကယ်လက်ရှိ အခြေအနေအရမှာ လိုအပ်တယ်လို့ ကျနော်ထင်မြင်ပါတယ်ခင်ဗျ။

မေး။ ကရင်ပြည်နယ်ထဲက ကွဲပြားနေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်း ကြားထဲမှာ ဘယ်လို နားလည်မှု ယူထားတာရှိသလဲ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလိုမျိုး ပေးလာခဲ့ရင်ရော အဖွဲ့တွေ အများကြီးကွဲနေတဲ့အပေါ် အကန့်အသတ် အဟန့်အတားတစ်ခုအဖြစ် ရှိနေမလား ။
ဖြေ။ ကျနော်တို့ ကရင်ပြည်နယ်ဘက်မှာဆိုရင် လက်နက်ကိုင်အဖွဲ့စည်းတွေ အများကြီးရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါကလည်း ပကတိအရှိတရားပေါ့။ ဒီလိုရှိလာအောင်လည်းပဲ ဒီလိုအကျိုးတရားဖြစ်ပေါ်လာအောင် အကြောင်းတရားတွေက သူ့နည်းသူ့ဟန်နဲ့ရှိကြတယ်။ ဒါပေမယ့် ကျနော်တို့လက်နက်ကိုင်အဖွဲ့အစည်းတွေ ကရင်လက်နက်ကိုင်အဖွဲ့စည်းတွေအများကြီးတွေ ကွဲပြားနေတယ်ဆိုတာကလည်း ဒီအပေါ်မှာကတော့ သိပ်ပြီးတော့ စိတ်ပျက်စရာလို့လည်း ကျနော်မမြင်ပါဘူး။ ဘာလို့လဲဆိုရင် ဥပမာအားဖြင့် ၂၀၁၁-၂၀၁၂ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့ Bilateral Agreement တွေ လက်မှတ်ရေးထိုးတယ်၊ နောက်ပြီးတော့ ၂၀၁၃-၂၀၁၄ မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ပေါ်ပေါက်လာဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေရှိတယ်။ အဲ့ဒီမှာလည်း ကျနော်တို့ ကရင်လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့ အတူတူပူပေါင်းဆောင်ရွက်မှုတွေရှိတယ်။
NCA ထိုးတဲ့အချိန်တုန်းကလည်း အတူတူပဲ ကျနော်တို့အဖွဲ့လည်း လက်မှတ်ရေးထိုးခဲ့တယ်။ နောက်ပြီးတော့ NCA အကောင်အထည်ဖော်တဲ့ကာလကိုကြည့်မယ်ဆိုရင် ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေက များစွာကျနော်တို့လုပ်နိုင်ခဲ့တာရှိတယ်။ အဲ့ဒီလိုမျိုး ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကာလမှာ ကျနော်တို့ကရင်ပြည်နယ် တည်ငြိမ်ငြိမ်းချမ်းဖို့ ပူးတွဲပြီးတော့ လုပ်နိုင်ခဲ့တာတွေလည်းရှိပါတယ်။ ဥပမာအားဖြင့် ကရင်လက်နက်ကိုင်လေးဖွဲ့နဲ့ စုဖွဲ့ထားတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့စည်းလုံးညီညွတ်ရေးကော်မတီပေါ့။ ၂၀၂၁ မရောက်ခင် ကျနော်တို့ ပုံမှန်အစည်းအဝေးတွေ တွေ့ဆုံနိုင်တယ်။ ကရင်ဒေသနဲ့သက်ဆိုင်တဲ့ တည်ငြိမ်အေးချမ်းရေး ဖွံဖြိုးတိုးတက်ရေးအတွက် ကျနော်တို့ညှိနှိုင်းနိုင်တယ်။ ပြီးတော့ ကျနော်တို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ ရန်မဖြစ်အောင်ပွတ်တိုက်မှုမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ကျနော်တို့လုပ်နိုင်ခဲ့တယ်။ သမိုင်းတွေလည်းအများကြီးရှိပါတယ်။
ကွဲပြားမှုတွေများတယ်ဆိုသော်လည်းပဲ ကျနော်တို့အနေနဲ့ ကရင်အမျိုးသားအကျိုးအတွက် လုပ်ရမယ့်အလုပ်တွေကို ကျနော်တို့ပူးတွဲလုပ်နိုင်ခဲ့သလို ပြည်ထောင်စုတစ်ခုလုံးအတွက် လက်တွဲပြီးတော့ ဆောင်ရွက်ခဲ့တဲ့အလုပ်တွေအများကြီးရှိပါတယ်။ ဟိုအရင်တုန်းကစုဖွဲ့ထားတဲ့ KUPC လက်နက်ကိုင်လည်းပါတယ်၊ နိုင်ငံရေးပါတီစသဖြင့်ပေါ့၊ ဘာသာရေးခေါင်းဆောင်၊ ရပ်မိရပ်ဖတွေနဲ့ ကျနော်တို့အတူတကွ ကရင်အမျိုးသားအကျိုးအတွက် ငြိမ်းချမ်းရေးအကျိုးအတွက် ကျနော်တို့လုပ်နိုင်ခဲ့တဲ့ညီညွတ်မှုတွေလို့ပဲ ပြောရမှာပေါ့။ အများကြီးရှိတယ်ဆိုတာကတော့ ကျနော်တို့ဖြတ်သန်းမှုအရ ကျနော်တို့ကြုံတွေ့ခဲ့တာပေါ့လေ။ အခုကတော့ ကျနော်တို့ရောက်နေတဲ့အခြေအနေက သာမာန်အခြေအနေမဟုတ်ဘူး၊ ကျနော်တို့ တခါမှမကြုံတွေ့ဖူးတဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဘယ်လောက်ကြီးမားကျယ်ပြန့်တဲ့ လက်နက်ကိုင်ပဋိပက္ခ ဘယ်လောက်နက်ရှိုင်းတဲ့နိုင်ငံရေးပြဿနာက ဒီတစ်ချိန်ပဲရှိပါတယ်။ အဲ့လိုဆိုးဝါးတဲ့၊ သာမာန်အခြေအနေမဟုတ်တဲ့အခြေအနေ တစ်ခုအောက်မှာကတော့ အခြားလူတွေပြောသလို ကရင်လက်နက်ကိုင်အဖွဲ့တွေကြားမှာ ကွဲပြားမှုတွေရှိတယ်ဆိုတာလည်း ဒါတွေကလည်းပဲ ပကတိအရှိတရားပါ။
ဒီလိုမျိုးကွဲပြားမှုကြောင့် ကျနော်တို့ကရင်အမျိုးသားရေးကိစ္စရပ်တွေကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေနိုင်လောက်တဲ့ သက်ရောက်မှုမျိုး၊ ပြည်ထောင်စုအတွက် အင်မတန်အရေးကြီးတဲ့ပြည်ထောင်စုငြိမ်းချမ်းရေးကို ထိပါးစေမယ့်ကိစ္စရပ်မျိုး အဆင့်ထိတော့ ဖြစ်မယ် သက်ရောက်မယ်လို့တော့ ဘာမှမရှုမြင်မိပါဘူးခင်ဗျာ။



















