Home သတင်း ကရင်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၁,၆၈၇ ဦးရှိဟု စစ်အုပ်စု ပညာရေးဌာန ထုတ်ပြန်

ကရင်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၁,၆၈၇ ဦးရှိဟု စစ်အုပ်စု ပညာရေးဌာန ထုတ်ပြန်

106

ဇွန်လ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၃,၆၆၀ ဦးအနက် ၁,၆၈၇ ဦး အောင်မြင်ခဲ့ပြီး ပြည်နယ်တစ်ခုလုံး၏ အောင်ချက်မှာ ၄၆ ဒသမ ၀၉ ရာခိုင်နှုန်းရှိကြောင်း စစ်အုပ်စု ပညာရေးဌာနက ယမန်နေ့ (ဇွန်လ ၂၈ ရက်) ထုတ်ပြန်သည့် အောင်စာရင်းအရ သိရသည်။

အဆိုပါ စာမေးပွဲကို ကရင်ပြည်နယ်အတွင်း မြို့နယ် ၇ မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုခဲ့ကြခြင်းဖြစ်သည်။ ဖားအံမြို့နယ်တွင် ၆ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၆ ဦးရှိကာ အခြားမြို့နယ်များတွင်လည်း သိပ္ပံနှင့် ဝိဇ္ဇာဘာသာတွဲများအလိုက် ဂုဏ်ထူးရရှိသူများရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ကရင်ပြည်နယ်တွင် ဖြေဆိုသူ ၃,၃၄၈ ဦးအနက် ၁,၅၀၀ ဦး အောင်မြင်ခဲ့ပြီး အောင်ချက် ၄၄ ဒသမ ၈၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၄၆ ဒသမ ၀၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်ဟု စစ်အုပ်စု၏ ထုတ်ပြန်စာရင်းများအရ သိရသည်။

စစ်အုပ်စု၏ ထုတ်ပြန်ချက်အရ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုသူ ၂၅၅,၂၂၈ ဦးရှိပြီး ၁၃၃,၆၇၃ ဦး အောင်မြင်ကာ အောင်ချက် ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။

သို့သော် မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများထက် ဆက်လက်ပညာသင်ကြားခွင့် မရရှိသူဦးရေက ပိုမိုများပြားနေကြောင်း ပညာရေးဆိုင်ရာ လေ့လာချက်များက ဖော်ပြထားသည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံများနှင့် စစ်ဘေးရှောင်စခန်းများ တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း ကျောင်းနေအရွယ် ကလေးသူငယ်နှင့် လူငယ် ၆ ဒသမ ၃ သန်းကျော်မှာ ပညာသင်ခွင့် ဆက်လက်ဆုံးရှုံးနေကြောင်း မြန်မာ့မဟာဗျူဟာနှင့် လေ့လာရေးအဖွဲ့ (ISP Myanmar) က ထုတ်ပြန်ထားသည်။