Home သတင်း တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များတွင် ငှက်ဖျားရောဂါ အဖြစ်များပြီး ဆေးဝါး နှင့် ရိက္ခာ အရေးပေါ်လိုအပ်နေ

တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များတွင် ငှက်ဖျားရောဂါ အဖြစ်များပြီး ဆေးဝါး နှင့် ရိက္ခာ အရေးပေါ်လိုအပ်နေ

29
Photo: (CJ-ပုံဟောင်း)

ဇွန် ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေး ရှောင်ပြည်သူများအကြား ငှက်ဖျားရောဂါနှင့် ရာသီပေါ်တုပ်ကွေးရောဂါများ အဖြစ်များလာနေပြီး အရေးပေါ်ဆေးဝါးနှင့် ရိက္ခာအကူအညီများ လိုအပ်နေကြောင်း မြေပြင်စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

အဆိုပါ စစ်ရှောင်နေရသူများအနေဖြင့် စစ်အုပ်စု၏ စစ်ကြောင်းထိုးမှုများကြောင့် တစ်နေရာမှ တစ်နေရာသို့ အကြိမ်ကြိမ် ရွှေ့ပြောင်းနေထိုင်ရပြီး နေရာထိုင်ခင်း မလုံလောက်သလို ပြီးခဲ့သည့် မေလနှင့် ဇွန်လဆန်းပိုင်းမှ စတင်၍ တုပ်ကွေးဖျားနားခြင်းများ ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု သိရသည်။

မြေပြင်စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက “စစ်ဘေးရှောင်တွေထဲမှာ ငှက်ဖျားဖြစ်နေတာကို စုစုပေါင်း စာရင်း သီးသန့်ပြုစုထားတာတော့ မရှိဘူး။ ဒါပေမဲ့ စစ်ဆေးလိုက်တိုင်း ရွာတစ်ရွာမှာ လူ ၁၀ ယောက်လောက်အထိ အမြဲတွေ့ရတယ်။ ငှက်ဖျားရောဂါအပြင် တုပ်ကွေးရောဂါတွေလည်း ပိုဖြစ်လာနေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို ငှက်ဖျားရောဂါများ ပိုမို ဖြစ်ပွားလာခြင်းနှင့်အတူ စစ်အုပ်စုတပ်ဘက်မှ စားနပ်ရိက္ခာနှင့် ဆေးဝါး သယ်ဆောင်ခွင့်များကို ပိတ်ပင်ထားမှုများကြောင့် ငှက်ဖျားရောဂါ ဖြစ်ပွားနေသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် အခက်အခဲ ရှိနေကြောင်း ၎င်းစစ်ဘေး‌ရှောင်ကူညီသူက ဖြည့်စွက်ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုအပြင် အမိုးအကာများ နေရာ ထိုင်ခင်း လိုအပ်ချက် စသည်တို့ အရေးပေါ်လိုအပ်လျက်ရှိနေပြီး စစ်ဘေးရှောင် ကာလအချိန်ကြာ လာသည်နှင့်အမျှ စားနပ်ရိက္ခာများလည်း ပိုမိုလိုအပ်လာကြောင်း စစ်ရှောင်နေသူများထံမှ သိရသည်။

“မိုးကလည်း ရွာ၊ စစ်ကြောင်းကလည်း ဆက်တိုက်ထိုးလာတော့ တချို့ဆိုရင် ချက်ပြုတ်ဖို့ ဝါးကျည်ထောက်ထဲ ထည့်ပြီး ချက်စားနေရတဲ့ အနေအထား ဖြစ်နေပါတယ်။ မိုးကာတွေလည်း လုံလုံလောက်လောက် မရှိသေးဘဲ လိုအပ်ချက်တွေ အများကြီး ရှိနေဆဲပါ” ဟု အထက်ပါ စစ်ရှောင်ကူညီပေးသူက ဆက်ပြောသည်။

လက်ရှိတွင်လည်း အဆိုပါစစ်ဘေးရှောင်များအတွက် ငှက်ဖျားအမြန်စစ်ကိရိယာ (Rapid Test Kit) များနှင့် ကုသရေး ဆေးဝါးများအရေးပေါ်လိုအပ်နေသည့်အပြင် အမိုးအကာများနှင့် စားနပ်ရိက္ခာ လိုအပ်ချက်များ ကြီးမားနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများက ပြောဆိုသည်။

တနင်္သာရီတိုင်းရှိ သုတေသနအဖွဲ့အစည်း တစ်ခုဖြစ်သည့် FE5 Tanintharyi ၏ အစီရင်ခံစာများအရ စစ်အုပ်စုစစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ရှောင် ဒုက္ခသည် ၉၃,၂၀၀ အထိရှိကြောင်း အဆိုပါအဖွဲ့က ပြုစုထားသည့် စာရင်းများအရ သိရသည်။