ဇွန်လ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၏ အုပ်ချုပ်မှုအာဏာကို ပြန်လည်လွှဲပြောင်းပေးရန် စစ်အုပ်စုက တောင်းဆိုထားသည်ဆိုသည့် သတင်းများအပေါ် မြို့လုံခြုံရေးတာဝန်ယူထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အမှတ်(၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းက ပယ်ချလိုက်သည်။
လက်ရှိ ဘုရားသုံးဆူမြို့တွင် စစ်အုပ်စုထံမှ အာဏာလွှဲယူထားခြင်းမျိုး မရှိသည့်အတွက် ပြန်လည်လွှဲ အပ်ရန် တောင်းဆိုစရာ အကြောင်းမရှိကြောင်း ဗိုလ်မှူးကြီး စောအေဝမ်းက ကေအိုင်စီသို့ ပြောကြားသည်။
“မြို့ပြန်တောင်းတယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ သူတို့က သူတို့သဘော၊ ကျနော်တို့က ကျနော်တို့ သဘောပါပဲ။ တပ်မတော်တစ်ရပ်အနေနဲ့ အထက်ကို သတင်းပို့တာမျိုးတော့ ရှိမှာပေါ့။ ထိုင်းဘက်က နယ်စပ်ရေးရာကိစ္စရပ်တွေမှာဆိုရင် သူတို့နဲ့ပဲ ဆက်သွယ်ချင်တဲ့အခြေအနေမျိုး ရှိတတ်တယ်။ အဲဒီအခါမျိုးမှာ ကျနော်တို့နဲ့ တိုက်ရိုက်မဆွေးနွေးရဘဲ စစ်အုပ်စုကတစ်ဆင့် ညှိနှိုင်းရတာမျိုးတော့ ရှိတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် မြို့တွင်းရှိ စစ်အုပ်စု၏ တပ်စခန်းများတွင် အင်အားတိုးချဲ့မှု တစ်စုံတစ်ရာမရှိကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှု လွန်ကဲရန်မလိုကြောင်း ဗိုလ်မှူးကြီး စောအေဝမ်းက ဖြည့်စွက်ပြောသည်။
အဆိုပါသတင်းကြောင့် မြို့တွင်း တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ဒေသခံအချို့မှာ ထိုင်းနိုင်ငံဘက်ခြမ်းတွင် အခန်းငှားရမ်းကာ ပစ္စည်းများကို ကြိုတင်ရွှေ့ပြောင်းထားမှုများ ရှိနေကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ထိုင်းဘက် (ရှမ်းကုန်း) ဘက်မှာ အခန်းလာငှားတဲ့သူ ပိုများလာတယ်။ အခြေအနေမ ကောင်းဘူးကြားလို့ ပစ္စည်းတွေတော့ ရွှေ့ထားကြတာပဲ” ဟု ၎င်းက ပြောသည်။
ဘုရားသုံးဆူမြို့၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) က တာဝန်ယူထားပြီး အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို DKBA က တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် ဘုရားသုံးဆူမြို့၌ DKBA ၏ ခွင့်ပြုချက်ဖြင့် အွန်လိုင်းငွေလိမ်လုပ်ငန်း (Online Scams) များအတွက် အဆောက်အဦး ဆောက်လုပ်မှုများ တိုးမြှင့်လာနေကြောင်း သတင်းများထွက်ပေါ်နေသည်။
ရွှေကုက္ကိုလ်နှင့် KK Park ဒေသများမှ အွန်လိုင်းငွေလိမ်လုပ်ငန်းအချို့ ဘုရားသုံးဆူဘက်သို့ ရွှေ့ပြောင်းလာနေသည်ဟုလည်း သတင်းများက ဆိုသည်။
ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရလည်း ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများကို မကြာခဏ ဖမ်းဆီးရမိနေသလို အွန်လိုင်းငွေ လိမ်လုပ်ငန်းသုံး ဆက်သွယ်ရေးပစ္စည်းများကိုလည်း ထိုင်းဘက်အခြမ်းတွင် မကြာခဏ ဖမ်းဆီးရမိလျက်ရှိကြောင်း သိရသည်။



















