Home သတင်း မွန်၊ ကရင်ဒေသတွင် မေလအတွင်း အရပ်သား (၂၁) ဦး သေဆုံးပြီး (၁၆)ဦးထက်မနည်း ဒဏ်ရာရ

မွန်၊ ကရင်ဒေသတွင် မေလအတွင်း အရပ်သား (၂၁) ဦး သေဆုံးပြီး (၁၆)ဦးထက်မနည်း ဒဏ်ရာရ

201
Photo: KNU

ဇွန် (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မွန်နှင့် ကရင်ဒေသများတွင် ပြီးခဲ့သည့်မေလ တစ်လတာအတွင်း တရားခံမပေါ်သောသတ်ဖြတ်မှုနှင့် စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှု၊ မိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခံရမှုတို့ကြောင့် ကလေးငယ်များအပါအဝင် အရပ်သား (၂၁) ဦး သေဆုံးပြီး (၁၆)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လဂွန်းအိမ်အဖွဲ့ကထုတ်ဝေသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အစီရင်ခံစာအရ သိရသည်။

ဇွန်လ(၁၂)ရက်နေ့ကထုတ်ထားသည့် အဆိုပါအစီရင်ခံစာတွင် မွန်နှင့်ကရင်လူမျိုးများနေထိုင်ရာ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ဘီးလင်း၊ ဖားအံ၊ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်တို့တွင် မေလအတွင်း ကျူးလွန်သူ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသော သတ်ဖြတ်မှု(၁၀)မှုဖြစ်ပွားခဲ့ပြီး အရပ်သား(၁၀)ဦးသေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုးစဥ် လက်နက်ငယ်ဖြင့်ပစ်ခတ်ခြင်းတို့ကြောင့် ကလေးငယ်(၂)ဦးအပါအဝင် သေဆုံးသူ အရပ်သား(၇)ဦးရှိ၍ ဒရုန်းတိုက်ခိုက်ခံရမှု၊ ဓားပြတိုက်မှုတို့ကြောင့် (၄)ဦး သေဆုံးသွားသည်ဟုလည်း အစီရင်ခံတွင် မှတ်တမ်းတင်ထားသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရပ်သား (၁၆) ဦးထက်မနည်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိမှုကအမြင့်ဆုံးဖြစ်ပြီး ယင်းအနက် ကလေးငယ်(၂)ဦးပါဝင်နေသည်။ နောက်ထပ် ကလေးငယ်(၃)ဦးမှာလည်း ဒရုန်းနှင့်လက်နက်ငယ်ပစ်ခတ်ခံရခြင်းကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဖြစ်စဥ်အများစုတွင် စစ်အုပ်စု တိုက်ရိုက်ပါဝင်ပတ်သက်နေသည်ဟု လဂွန်းအိမ်က ဆိုသည်။

တဖက်တွင်လည်း စစ်အုပ်စုက ရွေးကောက်ပွဲအလွန်ကာလ တရားဝင်မှုရရှိရေး ငြိမ်းချမ်းရေးကမ်းလှမ်း၍ အခြားတဖက်၌ အရပ်သားနေထိုင်ရာ ဒေသများတွင် စစ်ရေးအရှိန်မြှင့် ပစ်မှတ်ထားတိုက်ခိုက်နေသဖြင့် ပြည်သူလူထုမှာ ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေးချိုးဖောက်ခံနေရခြင်းရှိကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

လဂွန်းအိမ်၏ မေလ(၁)လတာ အစီရင်ခံစာဟုဆိုသော်လည်း မွန်၊ကရင်ဒေသတွင် ဧပြီလအတွင်းဖြစ်ပေါ်ခဲ့သည့် စစ်အုပ်စုနှင့်တော်လှန်ရေးအင်အားစုများ၏ တိုက်ပွဲအခြေအနေကိုလည်း ဆက်စပ်ဖော်ပြထားပြီး ရေး၊ ဘီးလင်း၊ မုဒုံမြို့နယ်(၃)ခုပေါင်း စုစုပေါင်းတိုက်ပွဲ(၁၁)ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယင်းတိုက်ပွဲများဖြစ်ပွားခြင်းအပြင် စစ်အုပ်စုက လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ဒေသခံ နေအိမ် (၃၀၀) ထက်မနည်း ပျက်စီးပြီး စစ်ဘေးရှောင် (၁,၀၀၀) ကျော်အထိ ရှိလာကြောင်း လု့အခွင့်အရေးမှတ်တမ်းအစီရင်ခံစာက ဖော်ပြနေသည်။

အလားတူ စစ်အုပ်စုအာဏာသိမ်းထားသည့်ကာလတစ်လျှောက် ယခုနှစ်၊ မေလအထိ လဂွန်းအိမ်ကပြုစုထားသည့်မှတ်တမ်းအရ မွန်ဒေသမှာ သေဆုံးသူအရပ်သား (၄၀၁)ဦးခန့်လာရှိ၍ ထိခိုက်ဒဏ်ရာရသူ (၆၅၄)ဦးခန့် ရှိကြောင်းလည်း သိရသည်။