ဇွန်လ ၁၈ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ ရာချ်ဘူရီခရိုင် ထမ့်ဟင် ကရင်ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များအတွက် နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် သက်သေခံကတ်ပြားပြုလုပ်ခြင်းလုပ်ငန်းကို စတင်လိုက်ပြီး ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့တွင် ကတ်ပြားပေးအပ်ပွဲ ပြုလုပ်ခဲ့သည်။
သက်သေခံ ကတ်ပြားပြုလုပ်ခြင်းလုပ်ငန်းစဉ်ကို ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့က စမ်းသပ် ကာလ အနေဖြင့် စတင်ခဲ့ပြီးနောက်ပိုင်း ယခုလို တရားဝင် ကတ်ပြားပေးအပ်ပွဲ အခမ်းအနားအနေဖြင့် ဒုက္ခသည် ၃၀၀ ကို ကတ်ပြာထုတ်ပေးခဲ့သည်ဟု စခန်းတွင်းနေထိုင်သူတစ်ဦးက ယခုလို ပြောသည်။
၎င်းက “အရင်ဆုံး အယောက် ၃၀၀ကို လုပ်ပေးတာပေါ့။ တာဝန်ရှိသူတွေ နဲ့ အခမ်းအနားကို ဖွင့်တဲ့ အနေနဲ့ အယောက် ၃၀၀ ကို လုပ်ပေးပြီး မနေ့က ကတ်ထုတ်ပေးလိုက်ပြီး။ ကျန်တဲ့ လူတွေလည်း ဆက်လုပ်ပေးဖို့ ရှိတယ်လို့ ပြောတာပဲ။ အခုထုတ်ပေးတဲ့ ကတ်က ကိုယ်နေတဲ့ ဒေသလောက် အပြင် ထွက်လို့ရမှာပေါ့ လောလောဆယ်။ နောက်ကျရင်တော့ ဒီထက်ပိုသွားလာနိုင်မယ်လို့ ထင်တာပဲ။” ဟု ကေအိုင်စီ သို့ ပြောသည်။
အဆိုပါ ကတ်ပြားရရှိသူများအနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတ်မှတ်ထားသော ခရိုင် များတွင် သွားရောက်အလုပ်လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး ပန်းရောင်ကတ်ပြားအမျိုးအစားဖြစ်ကာ သက်တမ်း ၁ တစ်နှစ် ရှိသော အလုပ်လုပ်ကိုင်ခွင့် (Work Permit) ပါရှိထားသည်ဟု သိရသည်။
အဆိုပါ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းများကို အပြင်ထွက် အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် တစ်နှစ် တစ်ခါ သက်တမ်းတိုးခွင့်ရရှိမည်ဟုလည်း ထိုင်းတာဝန်ရှိသူများက ဆိုသည်။

“ကျနော်တို့ ပြောချင်တာက အတော်လေးဝမ်းသာတယ်။ ကျနော်တို့က ဒုက္ခသည်တွေဖြစ်တော့ ဒီလို အခွင့်အရေးလေးရဖို့ မျှော်လင့်ခဲ့တာ နှစ်အတော်ကြာပြီး။ အခုလို ထိုင်းအစိုးရက အခွင့်အရေး ပေးတဲ့ အတွက် ဝမ်းသာတယ်။ ကျနော်ထင်တာကတော့ တခြား ဒုက္ခသည်စခန်းတွေလည်း လုပ်ပေးမှာပဲ ဆိုတော့ ကျနော် တို့လိုပဲ ဝမ်းသာကြမှာပါပဲ။ ဟု ၎င်းထမ့်ဟင် ဒုက္ခသည်တစ်ဦးက ဆက်ပြောသည်။
၎င်းကတ်ပြား ကိုင်ဆောင်ထားသူများအနေဖြင့် ခွင့်ပြုထားသော နယ်မြေအတွင်း၌သာ နေထိုင်ရမည်ဖြစ်ပြီး နယ်မြေပြင်ပသို့ သွားလာလိုပါက သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးရုံးတွင် ကြိုတင်ခွင့်ပြုချက် တောင်းခံရမည် ဖြစ်သည်။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဖြတ်တောက်ခံရပြီးနောက်ပိုင်း ထိုင်း နယ်စပ်က ကရင်ဒုက္ခသည်စခန်းများတွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ သြဂုတ်လကစပြီး စခန်းတွင်းနေ ထိုင်သူများကို ထိုင်းအစိုးရ၏ အစီအစဉ်ဖြင့် စခန်းပြင်ပထွက် အလုပ်လုပ်ကိုင်ခွင့်ပေးခဲ့သည်။
နယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်း (၉) ခုထဲက ဒုက္ခသည် ၄၀၀၀၀ ကျော်ကို ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် အလုပ်လုပ်ကိုင်ခွင့် ပြုထားကြောင်း စခန်းတွင်း တာဝန်ရှိသူများထံက သိရသည်။
ကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ရာ့ခ်ချာဘူရီခရိုင်၊ သွမ်ဖုန်းမြို့နယ်ရုံး ခန်းမဆောင်၌ ပြုလုပ်ပေးခဲ့ ခြင်း ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (DOPA) ညွှန်ကြားရေးမှူးချုပ် နာရူချာကိုဆာဆစ်ဝီလိုင် အပါအဝင် ထိုင်းအစိုးရတာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကိုယ်စားလှယ် မစ္စတမ်မီရှာ့ပ်တို့ တက်ရောက်ခဲ့သည်ဟု သိရသည်။



















