Home သတင်း ဖားအံ-မော်လမြိုင်လမ်းပိုင်းတွင် စစ်အုပ်စုတပ်က ပြည်သူများထံ ငွေညှစ်တောင်းခံမှုများ ပိုမိုပြုလုပ်

ဖားအံ-မော်လမြိုင်လမ်းပိုင်းတွင် စစ်အုပ်စုတပ်က ပြည်သူများထံ ငွေညှစ်တောင်းခံမှုများ ပိုမိုပြုလုပ်

277
Photo: CJ

ဇွန်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဖားအံ-မော်လမြိုင်လမ်းပိုင်းရှိ ခရုံဂူအနီး အခြေစိုက်ထားသည့် စစ်အုပ်စုဂိတ်သည် ပြီးခဲ့သည့် နှစ်ပိုင်းမှစ၍ အသွားအလာပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေညှစ်တောင်းခံမှုများ ပိုမိုပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ လမ်းပိုင်းတွင် အာဏာသိမ်းစစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ် ၃ ခု ထက်မနည်းရှိကာ တရနာစံပြ ကျေးရွာရှိ ခရုံဂူအထွက် စစ်ဆေးရေးဂိတ်၌ လူငယ်များကို မှတ်ပုံတင်စစ်ဆေးခြင်း၊ မှတ်ပုံတင်မပါရှိသူများထံမှ ငွေကြေးတောင်းခံခြင်းအပြင် ခရီးသွား အများပြည်သူထံမှ ဖုန်းစစ်ဆေးခြင်းများ အလွန်အမင်း ပြုလုပ်နေကြောင်း ထိုလမ်းပိုင်းတွင် သွားလာသည့် လူငယ်တစ်ဦးကဆိုသည်။

“ရွာကနေ ဖားအံကို ကျောင်းပြန်တက်တဲ့ကလေးကို မှတ်ပုံတင်တောင်းတယ်။ အသက် မပြည့်သေးတော့ မှတ်ပုံတင်မရှိဘူးလေ။ ဘာလို့မရှိတာလဲဆိုပြီး အတင်းအကြပ်စစ်တယ်။ ရွာသားတွေဆိုလည်း မှတ်ပုံတင်တောင်းစစ်တယ်။ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ပိုက်ဆံတောင်းတယ်။ တစ်ယောက်ကို ငါးထောင်ကျပ်တို့ ဘာတို့ ပေးလိုက်ရတယ်။ ပိုက်ဆံပေးမှ မှတ်ပုံတင် ပြန်ပေးတာမျိုးတွေ ရှိတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အသွားအလာ ပြည်သူများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့-PDF များနှင့် ဆက်နွယ်နေသည်ဟု ဆိုကာ လူငယ် အလေးထား စစ်ဆေးမှုများပိုမိုပြုလုပ်သည့်အပြင် ထိုင်းကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ယာဥ်များထံမှ ပစ္စည်းအတင်းအဓမ္မ ယူဆောင်သွားမှုများလည်း ပြုလုပ်လျက်ရှိသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တို့က ဆိုသည်။

စစ်အုပ်စု၏ ယခုလို မြို့အတွင်း၊ အပြင်တွင်လည်း လုံခြုံရေးချထားသည့် နေရာအများအပြား ရှိနေပြီး ကြုံကြိုက်သည့်အခါတိုင်း လက်ကိုင်ဖုန်းစစ်ဆေးမှုများပါရှိခြင်းကြောင့် စိုးရိမ်စိတ်ဖြင့် အသွားအလာသတိထားနေရကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။