မေလ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ( ကေအိုင်စီ)
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဖားအံဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသည့် ရုပ်သံမှတ်တမ်း အွန်လိုင်းတွင် ပျံ့နှံ့သွားသည့်ကိစ္စနှင့် ပတ်သက်၍ အာဏာသိမ်း စစ်အုပ်စုက သက်ဆိုင်ရာဌာနဆိုင်ရာများကို မေလ ၅ ရက်နေ့မှစတင်ကာ ဆက်တိုက်ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။
ထောင်ဒဏ် ၇၇ နှစ် ချမှတ်ခံထားရသည့် ဝန်ကြီးချုပ်သည် အာရုံကြောအားနည်းရောဂါ၊ တိုက်ဖိုက် (အူရောင်ငန်းဖျား) နှင့် အာဟာရချို့တဲ့သည့် ဝေဒနာများကြောင့် ပြီးခဲ့သည့် ဧပြီလ ၂ ရက်မှ ၈ ရက်အထိ တောင်ကလေးအကျဉ်းထောင်မှ ဖားအံဆေးရုံကြီးသို့ ဆေးရုံထုတ်ကုသမှု ခံယူခဲ့ရခြင်းဖြစ်သည်။ ထိုသို့ကုသနေစဉ် ရိုက်ကူးထားသည့် ရုပ်သံဖိုင် ပေါက်ကြားမှုကြောင့် တာဝန်ကျဝန်ထမ်းများ စစ်ဆေးခံနေရခြင်းဖြစ်သည်ဟု ထောင်သတင်းရင်းမြစ်က ပြောသည်။
“ဝန်ကြီးချုပ် ဆေးရုံတက်တာက သင်္ကြန်မတိုင်ခင်ကပါ။ အခု အဲ့ဒီဗီဒီယို လိုင်းပေါ်ပြန့်သွားတော့ ဆေးရုံကလူတွေ၊ ရဲ၊ စရဖနဲ့ အကျဉ်းဦးစီးက တာဝန်ကျအရာရှိတွေ၊ ဝန်ထမ်းတွေအပြင် သူနာပြုတွေနဲ့ ဝန်ကြီးချုပ်ရဲ့ ဆွေမျိုးတချို့ကိုပါ ခေါ်ယူစစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရတယ်” ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။
ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၏ ကျန်းမာရေးချို့တဲ့နေသည့် ရုပ်သံမြင်ကွင်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးကလည်း KIC သို့ ယခုလို ပြောသည်။
“အန်တီနန်းက မကျူးလွန်တဲ့အမှုတွေနဲ့ မတရားစွပ်စွဲခံရပြီး ထောင်ချခံထားရတာပါ။ အခုလို ကျန်းမာရေးအားနည်းနေတဲ့ ဗီဒီယိုအတိုလေး မြင်ရတာ အဖွဲ့ချုပ်ဝင်တွေသာမက ကရင်ပြည်နယ်လူထုအတွက်ပါ တော်တော်လေး စိတ်မကောင်းစရာ မြင်ကွင်းဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဒေါ်နန်းခင်ထွေးမြင့် လက်ထက်တွင် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများ သိသာထင်ရှားစွာ ဖွံ့ဖြိုးခဲ့ကြောင်းနှင့် ရွှေကုက္ကိုလ်စီမံကိန်းကဲ့သို့သော တရားမဝင် လုပ်ငန်းများကို ပြည်ထောင်စုအစိုးရနှင့် ပူးပေါင်းကာ ထိရောက်စွာ တားဆီးနိုင်ခဲ့ကြောင်းလည်း ဦးကျော်ထွေးက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် ရုပ်သံဖိုင်ရိုက်ကူးသူကို စစ်အုပ်စုက လိုက်လံစုံစမ်းနေသည့်အတွက် ဝန်ကြီးချုပ်၏ နောက်နောင် ဆေးဝါးကုသခွင့်များ ပိတ်ပင်ခံရမည်ကို မိသားစုဝင်များနှင့် နီးစပ်သူများက စိုးရိမ်နေကြသည်။
“ရုပ်သံထဲမှာ အဖီး (အဘွား) ကို မြင်ရတာ မျက်နှာတွေချောင်ပြီး တော်တော်လေး ပိန်ကျသွားတယ်။ အသက် ၇၀ ကျော် လူကြီးပိုင်းဖြစ်သလို အခုလို ရာသီဥတု အရမ်းပူတဲ့အချိန်မှာ ထောင်ထဲမှာ ဆက်ထားဖို့ မသင့်တော့ပါဘူး။ အမြန်ဆုံး ပြန်လွတ်စေချင်ပြီ” ဟု ဖားအံမြို့ခံတစ်ဦးက ပြောသည်။
အသက် ၇၀ ကျော်အရွယ်ရှိပြီဖြစ်သည့် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို စစ်အုပ်စုက အဂတိလိုက်စားမှု အပါအဝင် ပုဒ်မများစွာဖြင့် စွပ်စွဲကာ ထောင်ဒဏ် ၇၇ နှစ်အထိ ချမှတ်ထားခြင်း ဖြစ်သည်။



















