Home သတင်း သံတောင်-လိပ်သိုလမ်းတွင် ကုန်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်

သံတောင်-လိပ်သိုလမ်းတွင် ကုန်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်

333
Photo: CJ

မေ (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး တောအူးခရိုင် သံတောင်ကြီးမြို့နယ် သံတောင်-လိပ်သိုလမ်းပိုင်းတွင် ယမန်နေ့ မေလ (၅)ရက် နေ့လယ်ပိုင်းအချိန်က ကုန်တင်ယာဉ်တစ်စီး လမ်းဘေးချောက်အတွင်း ထိုးကျတိမ်းမှောက်ခဲ့ပြီး ထိခိုက်သေဆုံးသူမရှိဟု ခရီးသွားလာသူများက ပြောသည်။

တောင်ငူမြို့မှ ကုန်ခြောက်များဝယ်ယူကာ ကရင်နီ(ကယား)ပြည်နယ်၊ ဆီးဘူးဘက်သို့ ဈေးရောင်းရန်လာသော မော်တော်ယာဉ်တစ်စီးမှာ သံတောင်-လိပ်သိုလမ်းတစ်နေရာတွင် နောက်မှရှေ့သို့ ကား‌ကျော်တက်ရန်ကြိုးပမ်းစဉ် နံဘေးရှိချောက်အတွင်း တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီမှောက်သွားတဲ့ကားက သူ့ရှေ့ကကားကိုကျော်တက်တာ မြေသားကလည်း ပျော့နေတော့ တန်းပြီးချော်ကျသွားတာပဲ။ ကိုယ့်မျက်စိရှေ့တင် မြင်လိုက်ရတာဆိုတော့ တကယ်ကို ရင်တုန်စရာပါပဲ” ဟု မျက်မြင်တွေ့ရှိသည့် ခရီးသွားအမျိုးသားက ပြောသည်။

တိမ်းမှောက်သွားသည့်ယာဉ်ပေါ်တွင် လင်မယားနှစ်ဦး လိုက်ပါလာခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူ မရှိကြောင်း သိရသည်။ ချောက်ထဲပြုတ်ကျသွားသည့် မော်တော်ယာဉ်ကို ကရိန်းဖြင့် ပြန်လည်ဆွဲတင်နိုင်ခဲ့သည်ဟုလည်း ဒေသခံများကဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း သံတောင်ကြီးမြို့နယ်အတွင်း စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသည့် စစ်ဘေးရှောင်အခြေအနေရှိသလို အစစ်အဆေးများကြောင့်လည်း ဒေသခံများ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ရာတွင် အခက်အခဲဖြစ်နေခြင်းရှိသည်။

Photo: CJ

စားဝတ်နေရေးအတွက် နယ်ဝေးမှ ကုန်ပစ္စည်းများကို ဝယ်ယူကာ ကျေးရွာများသို့ လှည့်လည်ရောင်းချသည့်လုပ်ငန်းဖြင့် အသက်မွေးသူများမှာလည်း လုံခြုံရေးအပြင် တခါတရံရာသီဥတုကြောင့် သတိထားသွားလာရသည်ဟု ဒေသခံများကပြောသည်။

သံတောင်(၁၃)မိုင်မြို့နေ အမျိုးသမီးတစ်ဦးက “တောင်ယာလုပ်ငန်းတွေ သိပ်မလုပ်နိုင်တော့ အခုလို မြို့ကနေ ကုန်ပစ္စည်းတွေဝယ်ပြီး ရွာဘက် ပြန်ရောင်းတဲ့ စီးပွားရေးကိုပဲ အားကိုးနေရတာ။ လမ်းတွေကလည်း မကောင်း၊ လုံခြုံရေးကလည်း စိုးရိမ်ရတဲ့ကြားက အသက်အန္တရာယ်တွေနဲ့ ရုန်းကန်နေရတယ်” ဟု ကေအိုင်စီကို ပြောသည်။

တောင်ငူ-သံ‌တောင်-လိပ်သို လမ်းပိုင်းသည် တောင်တက်လမ်းဖြစ်သလို လမ်းကျဉ်းမြောင်း၍ အကွေ့အကောက်နှင့် ချောက်ကမ်းပါး များပြားသဖြင့် ယာဉ်မောင်းသူများအနေဖြင့် အထူးသတိပြုမောင်းနှင်ကြရန် ဒေသခံများက တိုက်တွန်းခြင်းရှိသည်။

ထို့အတူ အရှိန်ပြင်းစွာမောင်းနှင်ခြင်းနှင့် အလျှင်စလိုကျော်တက်ခြင်းများ မပြုလုပ်ကြရန်လည်း ဒေသခံများကသတိပေးသည်။