Home သတင်း ကေအဲန်ယူ မူတြော်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို ကွယ်လွန်

ကေအဲန်ယူ မူတြော်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို ကွယ်လွန်

391

မေလ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅)/ မူတြော်(ဖာပွန်)ခရိုင်၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုသည် မေလ ၆ ရက်နေ့ ညနေပိုင်းတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း ခရိုင်တာဝန်ရှိသူများထံမှ သိရသည်။

ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုသည် မူတြော်ခရိုင်၊ လူသောမြို့နယ်ဇာတိဖြစ်ပြီး ကွယ်လွန်ချိန်အထိ တပ်မဟာ ၅ စစ်ရေးချုပ်တာဝန်နှင့် ခရိုင်ပြောခွင့်ရပုဂ္ဂိုလ် တာဝန်များကို အဓိက တာဝန်ယူ ထမ်းဆောင်နေသူဖြစ်သည်။

၎င်း၏ ဖြတ်သန်းမှုနှင့်ပတ်သက်၍ ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက “သူက ဘယ်လိုခေါင်းဆောင်မျိုးလဲဆိုရင် ပြည်သူနဲ့ အရမ်းကို ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်။ ပြည်သူလူထုရဲ့ ချစ်ခင်မှုကိုလည်း သူအများကြီး ရရှိခဲ့သလို ပြည်သူလူထုအပေါ်မှာလည်း သံယောဇဉ် တော်တော်လေးရှိခဲ့တယ်ဆိုတာ ကျနော်တို့ သိရှိခဲ့ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဒုဗိုလ်မှူးကြီး စောကလယ်ဒိုသည် ကေအဲန်ယူဌာနချုပ် မာနယ်ပလော ခေတ်ကာလ အရေးကြီးသည့် အချိန်များတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၁၀၂) ၏ စစ်ရေးတာဝန်ခံအဖြစ် အဓိကအခန်းကဏ္ဍမှ တာဝန်ယူခဲ့သူဖြစ်သည်။ ထို့အပြင် ၂၀၁၅ ခုနှစ်ကာလများတွင်လည်း မူတြော်ခရိုင် အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ဖူးကြောင်း ပဒိုစောကလယ်စေးထံမှ သိရသည်။

” သူအခုလို ဆုံးသွားတာ ကျမတို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပါတယ် ။ အဖိုးက သတင်းမီဒီယာ အပိုင်းနဲ့ပတ်သက်ပြီး လူငယ်တွေကို အားပေးအားမြောက်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူက ခရိုင်ပြောရေးဆိုခွင့်ရှိသူတစ်ယောက်အနေနဲ့ ကျမတို့ သတင်းတွေ သွားရောက်မေးမြန်းတဲ့အခါမှာ ကျမတို့ကို သတင်းအချက်အလက်တွေပေးသလို ပြည်သူတွေ သတိပြုရမယ့် အချက်တွေကိုလည်း အမြဲတမ်း နှိုးဆော်လျက်ရှိပါတယ်။ “ဟု သဘာဝပတ်ဝန်းကျင်အရေး လုပ်ဆောင်နေသူ ကရင်လူငယ် နော်ဆာမူးက ပြောသည်။

ကွယ်လွန်ချိန်တွင် ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုသည် အသက် ၇၃ နှစ်ရှိ ကွယ်လွန်ချိန်တွင် သားသမီး ၅ ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။