Home သတင်း ဧည့်စာရင်းစာရွက်မပါသည့် မဲဆောက်ပြင်ပ နယ်ကျော်ခရီးသွားများ တာ့ခ်ခရိုင်စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းခွင့်မပြု

ဧည့်စာရင်းစာရွက်မပါသည့် မဲဆောက်ပြင်ပ နယ်ကျော်ခရီးသွားများ တာ့ခ်ခရိုင်စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းခွင့်မပြု

370
Photo: Social Media

မေ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်၊ မဲဆောက်မြို့နယ်မှကျော်လွန်သွားလာမည့်သူများကို ယခုမေလဆန်းရက်မှစပြီး တာ့ခ်ခရိုင် (ဝှေးယားအူး) အဖွဲ့စုံစစ်ဆေးရေးဂိတ်မှအာဏာပိုင်များက ဧည့်စာရင်းစာရွက်ပါမပါ စစ်ဆေး၍ စာရွက်မပါသူများကို ဂိတ်ဖြတ်သန်းခွင့်မပြုဘဲ လှည့်ပြန်ခိုင်းနေကြောင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားများထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မဲဆောက်မှ ဘန်ကောက်ဘက်သို့ ခရီးသွားရန် ထွက်ခွာလာသူအချို့ တာခ့်ခရိုင် အဖွဲ့စုံစစ်ဆေးရေးဂိတ်မှ မဲဆောက်မြို့တွင်နေထိုင်ကြောင်း ဧည့်စာရင်းစာရွက်ပြန်ယူခိုင်းခြင်းရှိသလို နယ်ကျော်ထွက်ခွာခွင့်မရခဲ့ဟု ဘန်ကောက်တွင် ပတ်စ်ပို့သက်တမ်းသွားတိုးလိုသည့် မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။

“အဖွဲ့စုံဂိတ်မှာ အထောက်အထားစစ်တာ ကျနော့်မှာ TM30 ဧည့်စာရင်းစာရွက်မပါဘူး။ မဲဆောက်ပြန်လှည့်ပြီး ဧည့်စာရင်းစာရွက်ပြန်ယူခိုင်းတယ်။ အဲ့ဒါပါမှ သူ‌ဌေးထောက်ခံချက်ပါမှ နယ်ကျော်ခရီးသွားခွင့်ရမယ်ဆိုပြီး ပွဲစားကတစ်ဆင့် ထိုင်းအရာရှိကပြောတယ်။ ကားတစ်စင်းလုံးမှာလူငါးယောက်ပါတာ ဘန်ကောက်တက်လို့မရဘဲ မဲဆောက်ကိုညဘက်ကြီးပြန်လှည့်လာရတယ်” ဟု ရွေ့ပြောင်းမြန်မာအလုပ်သမား ကိုစိုးက ပြောသည်။

ရွေ့ပြောင်းအလုပ်သမားများအနေဖြင့် ယခင်က မဲဆောက်မှ ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံအတွင်း ခရီးသွားလာရာတွင် ပတ်စ်ပိုစ့်၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်-CI စာအုပ်၊ အလုပ်လုပ်ကိုင်ကြောင်းအထောက်အထား(Work Permit)၊ ပန်းရောင်ကတ်နှင့် ရက် ၉၀ ဆယ်နေထိုင်ခွင့်စာရွက်များ ပါရုံဖြင့် ခရီးသွားလာခွင့်ရခဲ့ခြင်းဖြစ်သည်။

လက်ရှိမှာလည်း CI စာအုပ်လုပ်ခွင့်ပြုထားသည့်ကာလဖြစ်၍ မဲဆောက်မြို့နေ ရွှေ့ပြောင်းအလုပ်သမားများမှာ စာအုပ်လုပ်ရန် ဘန်ကောက်၊ ချင်းမိုင် စသည့် မြို့များသို့ လူကိုယ်တိုင်သွားရောက်လုပ်ကိုင်ရန် လိုအပ်လျက်ရှိနေသည်။

သို့ရာတွင် မဲဆောက်တွင်အလုပ်လုပ်ကိုင်သည့် အလုပ်ရှင်၏ထောက်ခံစာ (သို့မဟုတ်) လဝက( တောမောင်းရုံး) မှ ဧည့်စာရင်းစာရွက်မပါသူများကို နယ်ကျော်ခရီးသွားခွင့်မပြုတော့ဘဲ တင်းကြပ်လိုက်ခြင်းကြောင့် ရက်ပိုင်းအတွင်း ဂိတ်မှလှည့်ပြန်လာရသူ ရာနှင့်ချီရှိလာသည်ဟု မဲဆောက်မြို့နေမြန်မာနိုင်ငံသားအသိုင်းအဝိုင်းမှ သိရသည်။

မဲဆောက်မြို့နေ ကိုလွင်ကိုက “ကျနော်တို့ (၃)ရက်နေ့က ဘန်ကောက်သွားတယ်။ တောင်ပေါ်ဂိတ်မှာ TM30 ဧည့် စာရင်းစာရွက်စစ်တော့ ပါရင်ဖြုတ်ယူထားပြီးသွားခွင့်‌ပေးတယ်။ မပါတဲ့သူ ပြန်ယူဖို့ မဲ ဆောက်ပြန်လှည့်ခိုင်းတယ်၊‌ ပေးမသွားဘူး။ အခုလို ခရီးသွားမယ်ဆိုတစ်ခေါက် ဧည့်စာရင်းစာရွက်ခ တစ်ခါကုန်နေရင် မလွယ်တော့ဘူးလေ” ဟု ကေအိုင်စီကို‌ ပြောသည်။

ထို့အပြင် ပွဲစားမှတဆင့် ဧည့်စာရင်းစာရွက် (သို့မဟုတ်) အလုပ်ရှင်၏ထောက်ခံစာလုပ်ရန် တစ်ကြိမ်လျှင် (၈၀၀) ဘတ်မှ (၁,၀၀၀) ဘတ်အထိ ကုန်ကျစရိတ်ရှိသည်ဟုလည်း ကိုလွင်ကိုက ဖြည့်စွက်ပြောသည်။

ထို့အတူ ပြီးခဲ့သည့် မေလ(၁)ရက်နေ့က စူရတ်ဌာနီခရိုင်ရှိ နေ့ကလေးထိန်းကျောင်းတစ်ခုတွင် ထိုင်းအာဏာပိုင်များပူးပေါင်းပြီး အလုပ်သမားဥပဒေ ချိုးဖောက်မှု သံသယရှိသူများကို ဖမ်းဆီးခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်းရှိ ရွှေ့ပြောင်းအလုပ်သမားများကို တင်းကြပ်မည့် “အထူးစစ်ဆေးမှု”စီမံချက်ကို ထိုင်းနိုင်ငံအလုပ်သမားဌာနဘက်က ထုတ်ပြန်ထားခြင်းရှိနေသည်။

လတ်တလောတွင် အထောက်အထားကိစ္စ မဲဆောက်မှနယ်ကျော်သွားလာခွင့် တင်းကြပ်သည့်အပေါ် ဧည့်စာရင်း၊ သူဌေးထောက်ခံချက်နှင့် ရက်၉၀ နေထိုင်ခွင့်သက်တမ်းရှိမရှိ စစ်ဆေးပြုလုပ်ပြီးမှ ခရီးသွားလာကြရန်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူအချို့က တိုက်တွန်းထားသည်။

“တစ်ချို့သူဌေးတွေက အလုပ်သမားဆီက ဧည့်စာရင်းစာရွတ်ဖြုတ်သိမ်းထားတယ် အလုပ်‌ပြောင်း နယ်ပြောင်းမသွားအောင်ပေါ့။ တချို့ကျတော့လည်း အိမ်ရှင်တွေကလုပ်မပေးတာ၊ တစ်ချို့က ပွဲစားတွေ သူဌေးတွေက လုပ်မပေးတာမျိုးကြောင့် မရှိကြဘူး၊ မသိကြဘူး။ အခုဒီလိုစစ်ဆေးလာပြီဆိုတော့ ကိုယ်နေတဲ့နေရာက သူဌေး၊ အိမ်ရှင်တို့ကို ပြောပြီးလုပ်ကြဖို့လိုတယ်” ဟု မဲဆောက်ရောက် မြန်မာအလုပ်သမားအရေး လုပ်ကိုင်နေသူက ပြောသည်။

အစစ်အဆေးများကြောင့် လက်ရှိ မဲဆောက်မြို့ရှိ ရွေ့ပြောင်းမြန်မာအလုပ်သမားအသိုင်းအဝိုင်းတွင် ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်ရန် CI စာအုပ်၊ ပတ်စပိုစ့်၊ Work Permit စသည့်ဖြင့် အထောက်အထားလုပ်ငန်းဆောင်တာများအတွက် ရုံးလုပ်ငန်းပိုင်း ကြန့်ကြာမှုများရှိနေကြောင်း သိရသည်။