မေ (၄) ရက်၊ ၂၀၂၆ ခုနှစ်၊ကေအိုင်စီ။
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၆) ရပ်ကွက်၊ တောင်ကလေးဘုန်းကြီးကျောင်းလမ်းရှိ ကားတာယာနှင့် အင်ဂျင်ဝိုင်အဟောင်းများ သိုလှောင်ထားသည့် ဂိုဒေါင်တစ်ခုတွင် ယနေ့ မေလ (၄) ရက်၊ မွန်းလွဲ (၁) နာရီ ၄၀ မိနစ် ဝန်းကျင် အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဂိုဒေါင်အတွင်းတပ်ဆင်ထားသည့် ဆိုလာပြား(Solar) ရှော့ဖြစ်ရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ကားတာယာများ၊ အင်ဂျင်ဝိုင်ပီပါများနှင့် စက္ကူလိပ်များကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မြဝတီအခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ပြောသည်။
မီးလောင်ရာနေရာသို့ သံလျင်မီးသတ်တပ်ဖွဲ့၊ ဒေသခံအရံမီးသတ်များနှင့် ရေသယ်ယာဉ်များအပါအဝင် မီးသတ်ယာဉ် (၇) စီးခန့်ဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြပြီး ညနေ (၄) နာရီဝန်းကျင်တွင် မီးငြိမ်းသွားကြောင်းလည်း ထိုအဖွဲ့မှသိရသည်။
“အဓိကက အင်ဂျင်ဝိုင်အဟောင်းပီပါတွေနဲ့ စက္ကူလိပ်တွေရှိတဲ့ ဂိုဒေါင်ဆိုတော့ မီးငြိမ်းသတ်ရတာ အချိန်နည်းနည်းပေးလိုက်ရတယ်။ ဆိုလာရှော့ဖြစ်ရာကနေ စလောင်တာလို့ သိရတယ်။ ဂိုဒေါင်ဘေးနားမှာ လူနေအိမ်တွေမရှိလို့ တော်သေးတာပေါ့” ဟု မီးငြိမ်းသတ်ရာတွင် ပါဝင်ကူညီသူတစ်ဦးက ပြောသည်။

မီးလောင်မှုအတွင်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့ကပြောသည်။ မီးကြောင့် ပျက်စီးဆုံးရှုံးသွားသည့်တန်ဖိုးကိုလည်း ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
မီးလောင်ကျွမ်းနေစဥ် မီးတောက်ကြီးပြီး ပေါက်ကွဲသံများထွက်ပေါ်ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင်နေထိုင်သူများ စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ (၁) ရက်နေ့ကလည်း မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ရေပူစမ်းရှိ ကားဝပ်ရှော့တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။



















