Home သတင်း နဘူးမြို့နယ် KWO ကွန်ဂရက်ကျင်းပပြီး ခေါင်းဆောင်သစ်များ ပြန်လည်ရွေးကောက်တင်မြှောက်

နဘူးမြို့နယ် KWO ကွန်ဂရက်ကျင်းပပြီး ခေါင်းဆောင်သစ်များ ပြန်လည်ရွေးကောက်တင်မြှောက်

326

မေ ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်၊ နဘူးမြို့နယ်တွင် (၃) ကြိမ်မြှောက် ကရင်အမျိုးသမီးအစည်းအရုံး (KWO) မြို့နယ်အဆင့် ကွန်ဂရက်ကို ကျင်းပပြုလုပ်ခဲ့ပြီး ခေါင်းဆောင်သစ်များကို ပြန်လည်ရွေးချယ် တင်မြှောက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ရွေးကောက်ပွဲကို ဧပြီလ ၂၉ ရက်မှ ၃၀ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဥက္ကဌ အဖြစ် နော်မုနေထူး၊ ဒုဥက္ကဌ နော်မုတဒွီး၊ အတွင်းရေးမှူး (၁) နော်ဖောနေသားနှင့် အတွင်းရေးမှူ (၂) နော်စေးစေးဖော တို့ကို မြို့နယ်အဆင့် ခေါင်းဆောင် (ကြီးလေးကြီး) အဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။

ထို့အပြင် ပညာရေး၊ စည်းရုံးရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘဏ္ဍာရေးနှင့် စာရင်းစစ် တာဝန်ခံများကိုလည်း ကွန်ဂရက်အတွင်း အသစ်ပြန်လည် ရွေးချယ်ခဲ့ကြသည်ဟု သိရသည်။

လူမှုရေးတာဝန်ခံအဖြစ် ရွေးကောက်ခံရသူ နော်ဝါးခုထူးက “အဓိကကတော့ အမျိုးသမီးအရေးဖြစ်စေ၊ ရပ်ရွာအရေးဖြစ်စေ၊ လူမျိုးရေးလုပ်ငန်းအတွက်ဖြစ်စေ ရှေ့ဆက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့ ဆွေးနွေးဖြစ်ပါတယ်။ ကျမတို့နယ်မြေက လက်နက်ကိုင်အဖွဲ့စုံရှိတော့ ညှိနှိုင်းမှုတွေနဲ့သွားနေတော့ အခက်အခဲတော့ မရှိပါဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

နဘူးမြို့နယ်သည် KNU အပြင် နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော် (KNA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) တို့ အခြေစိုက်ရာ နယ်မြေဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက်မှုအချို့တွင် အဖွဲ့အစည်းအသီးသီးနှင့် ညှိနှိုင်းဆောင်ရွက်နေရသည့် အခြေအနေရှိကြောင်း သိရသည်။

ယခုနှစ် မြို့နယ်အဆင့် KWO ကွန်ဂရက်တွင် ဒေသတွင်း အဓိက စိန်ခေါ်မှုဖြစ်လာသည့် အွန်လိုင်းငွေကြေးလိမ်လည်မှု (Online Scam) လုပ်ငန်းများ၏ အကျိုးဆက်များနှင့် အခြားမြို့နယ်များမှ စစ်ဘေးရှောင်လာသူများကို ကူညီစောင့်ရှောက်ပေးနေရသည့် အခြေအနေများကိုလည်း အလေးပေးသုံးသပ် ဆွေးနွေးခဲ့ကြသည်ဟု KWO က ပြောသည်။

နဘူးမြို့နယ် KWO အနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပထမဆုံးအကြိမ် ကွန်ဂရက်ကို ကျင်းပခဲ့ပြီး (၂) နှစ်တစ်ကြိမ် ခေါင်းဆောင်သစ်များကို ရွေးကောက်တင်မြှောက်ခဲ့သည်။ သို့သော်လည်း နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် ယခု ၂၀၂၆ ခုနှစ်မှသာ (၃) ကြိမ်မြှောက် ကွန်ဂရက်ကို ကျင်းပနိုင်ခြင်း ဖြစ်သည်။

အဆိုပါ ကွန်ဂရက်အစည်းအဝေးသို့ ကျေးရွာအုပ်စုအသီးသီးမှ ကိုယ်စားလှယ်များ၊ KWO ဗဟိုနှင့် ဖားအံခရိုင်အဆင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။