မေ (၄) ရက် ၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ နိုင်ငံအလည်ပြန်လာပါက သက်ဆိုင်ရာသံရုံးမှထောက်ခံစာတောင်းလာရန် လိုအပ်ကြောင်း စစ်အုပ်စုကကြေညာထားသည့်အပေါ် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဖိအားဖြစ်စေကြောင်း ပြည်ပရောက် မြန်မာအလုပ်သမားအသိုင်းအဝိုင်းက ပြောသည်။
မြန်မာနိုင်ငံသို့အလည်ပြန်လာမည့် ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့် မေလ(၁)ရက်နေ့မှစတင်ပြီး အလုပ်ရှင်၏ခွင့်စာကို သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ရုံးများထံပြသ၊ ထောက်ခံစာတောင်းခံ၍ တပါတည်းယူဆောင်လာရမည်ဟု စစ်အုပ်စုထိန်းချုပ်ထားသည့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဧပြီလ(၁၈)ရက်နေ့ဖြင့် ကြေညာချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။
စစ်အုပ်စု၏ကြေညာချက်က ရွှေ့ပြောင်းအလုပ်သမားများအတွက် ဖိအားပေးရာရောက်သလို ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်စေသဖြင့် ပြန်ရုပ်သိမ်းသင့်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေသူ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
“ရွှေ့ပြောင်းအလုပ်သမားတွေ မိခင်နိုင်ငံပြန်ရင် အလုပ်ရှင်ရဲ့ခွင့်ပြုချက်ပေါ့၊ နောက်တစ်ခုက သံရုံးမှာလည်း ထောက်ခံစာယူပြီးတော့မှ ပြန်ရမယ်လို့ ဆိုထားပါတယ်။ ကျနော်တို့ အလုပ်သမားတွေ အင်မတန်မှ ခက်ခဲနေပါတယ်ဆိုမှ ဒါတွေက ပိုပြီးတော့ဖိအားပေးရာရောက်ပါတယ်။ ဒါကြောင့် ပြန်ပြီးတော့ ရုပ်သိမ်းသင့်တယ်လို့ ပြောချင်ပါတယ်” ဟု ဦးထူးချစ်က ဆိုသည်။
ထို့အပြင် ခွင့်ဖြင့် မြန်မာပြည် ဝင်ရောက်ထွက်ခွာမည့် အလုပ်သမားများသည် အလုပ်လုပ်ခွင့်ကတ်(Work Permit)၊ ဗီဇာ၊ ခွင့်စာပါလုပ်ငန်းခွင်နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံ(OWIC) ကတ်ပါ လုပ်ငန်းခွင် မကိုက်ညီပါက ပြန်လည်လျှောက်ထားရမည်ဟု ဖော်ပြထားသည်။
လိမ်လည်ထားသောခွင့်စာများကို စစ်ဆေးတွေ့ရှိပါက ပြည်ပထွက်ခွင့်ပိတ်ပင်ပြီး အမည်မဲစာရင်းအထိ တင်သွင်းအရေးယူမည်ဖြစ်ကြောင်းလည်း စစ်အုပ်စုကြေညာချက်အရ သိရသည်။
ဘန်ကောက်တွင်အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားတစ်ဦးက“ ထိုင်းမှာ အလုပ်သမားအများစုကတော့ ခွင့်ပြန်ရင် လေယာဥ်နဲ့ပြန်တာ နည်းတယ်။ နယ်စပ်ဂိတ်တွေကနေ ပြန်ကြတာများတယ်။ အခု ခွင့်ပြန်ရင် သံရုံးထောက်ခံစာယူရမယ်ဆိုတော့ သိတဲ့အတိုင်း ပွဲစားတွေနဲ့လုပ်ရမယ်။ အကုန်အကျပိုများမှာဆိုတော့ မလွယ်ဘူး၊ ကျနော်တော့ မပြန်သေးဘူး” ဟု ကေအိုင်စီကို ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြားတည်ရှိရာ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးကလည်း ခွင့်ဖြင့် ထိုင်းမှမြန်မာပြည်အလည်ပြန်မည့် အလုပ်သမားများကို နံနက်ဖြန် မေလ(၅)ရက်နေ့မှစ၍ သံရုံးထောက်ခံစာများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
ထောက်ခံစာ လျှောက်ထားမည့် အလုပ်သမားများအနေဖြင့် ပတ်စ်ပို့ မိတ္တူနှင့် သက်တမ်းရှိ ဗီဇာစာမျက်နှာ၊ OWIC၊ Work Permit မိတ္တူများ၊ အလုပ်ရှင်(သို့မဟုတ်)ကုမ္ပဏီ၏ခွင့်စာ၊ လေယာဉ်လက်မှတ်တို့ တင်ပြ၍ ဘတ် ၁၅၀ ဖြင့် လူကိုယ်တိုင် သို့မဟုတ်၊ ကိုယ်စားလှယ်ဖြင့် လျှောက်ထားနိုင်သည်ဟု သံရုံးက ဆိုသည်။
စစ်အုပ်စု၏ကြေညာချက်ထွက်ရှိလာပြီး ရက်ပိုင်းအတွင်း ပြည်ပမှမြန်မာနိုင်ငံသို့ခွင့်ရက်ဖြင့် တရားဝင်ပြန်လာသူ မြန်မာနိုင်ငံသားများ ပြည်ပပြန်လည်ထွက်ခွာမှုအပေါ် အလုပ်သမားဝန်ကြီးဌာနမှ အကြောင်းအမျိုးမျိုးပြ ပယ်ချလိုက်ခြင်း ရှိနေကြောင်းလည်း ဒေသသတင်းမီဒီယာတချို့မှ သတင်းထွက်ပေါ်လျက်ရှိသည်။
စစ်အုပ်စု အာဏာသိမ်းကာလနှင့် လက်ရှိ စစ်တပ်အသွင်ပြောင်း အစိုးရဖွဲ့ပြီးကာလတွင် ပြည်ပနိုင်ငံအသီးသီး သို့ရောက်ရှိနေသည့် အလုပ်သမားများကို နည်းအမျိုးမျိုးဖြင့် ဖိအားပေးသည့် အမိန့်များ စစ်အုပ်စုက ထုတ်ပြန်ခြင်းရှိခဲ့သည်။



















