မေ (၄) ရက်၊ ၂၀၂၆ ခုနှစ်၊ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်တွင် ပြီးခဲ့သည့်အပတ်အတွင်း စစ်အုပ်စု၏လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် (၁၂) လုံး ပျက်စီးသွားကြောင်း ကေအဲန်ယူက ယမန်နေ့တွင် ထုတ်ပြန်သည်။
ဧပြီလ(၂၉)ရက်နေ့မှ မေလ(၂)ရက်နေ့အထိ စစ်အုပ်စုက အရပ်သားပြည်သူနေထိုင်ရာ ကြိတ်ကွင်း၊ လိန်ပင်ဝိုင်းနှင့် ကဝေါ်မူဒဲကျေးရွာများအတွင်းသို့ (၁၂၀) မမ လက်နက်ကြီးများအပါအဝင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေလ(၁)ရက်နေ့တွင် စစ်အုပ်စု၏ခြေလျှင်တပ်ရင်း ခလရ-၂၆၄ မှ လိန်ပင်ဝိုင်းကျေးရွာအတွင်းသို့ ၁၂၀ မမ (၄) လုံး ပစ်ခတ်ခဲ့ရာ ထောလူခိုရွာမှစစ်ဘေးရှောင်လာသူ အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံအမျိုးသားနှင့်အမျိုးသမီး စုစုပေါင်း(၃)ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားသည်။ ဒေသခံပိုင်နေအိမ်(၆)လုံးလည်း ပျက်စီးသွားသည်ဟု ကေအဲန်ယူ၏ထုတ်ပြန်ချက်က ဖော်ပြသည်။
ထို့အပြင် မေလ(၂)ရက်နေ့တွင် သာယာကုန်းရွာမှ ကြိတ်ကွင်းကျေးရွာသို့ (၁၂၀)မမ လက်နက်ကြီး(၄)လုံး ထပ်မံပစ်ခတ်ခဲ့၍ နေအိမ် (၁) လုံးနှင့် လက်ထွန်စက် (၁) စီး ထိမှန်ပျက်စီးခဲ့သည်။ ဧပြီလ (၂၉) ရက်နေ့က ကဝေါ်မူဒဲကျေးရွာထဲသို့ ဂျက်ဖိုက်တာဖြင့် ဖျက်အားပြင်းဗုံး(၃)လုံး တိုက်ခိုက်ရာတွင်လည်း နေအိမ် (၃) လုံး ပျက်စီးသွားသည်ဟု ကေအဲန်ယူက ဆိုသည်။

အာဏာသိမ်းထားသည့်ကာလအတွင်း ကေအဲန်ယူအုပ်ချုပ်မှုအောက်ရှိ ကျေးရွာများကို စစ်အုပ်စုက ပစ်ခတ်တိုက်ခိုက်မှု တောက်လျှောက်လုပ်ဆောင်နေခြင်းရှိသောကြောင့် ယနေ့အချိန်ထိ နေအိမ်မပြန်နိုင်သေးသူ အများအပြားရှိနေသည်ဟု ဒေသခံများကပြောသည်။
ပြီးခဲ့သည့် ဧပြီလလယ်ပိုင်းကလည်း စစ်အုပ်စုက လယ်ဒိုမြို့နယ်ရှိကျေးရွာများသို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံ(၆၀၀)ကျော် စစ်ဘေးရှောင်ခဲ့ရကြောင်း ကေအဲန်ယူက ဧပြီလ(၁၇)ရက်နေ့တွင် ထုတ်ပြန်ခြင်းရှိခဲ့သည်။
စစ်အုပ်စုသည် နိုင်ငံတကာ၏အသိမှတ်ပြုမှုရရှိရန် ရွေးကောက်ပွဲအပြီး ဟန်ပြအစိုးရဖွဲ့စည်းလုပ်ဆောင်နေသော်လည်း လက်တွေ့တွင် လူနေအိမ်အဆောက်ဦးများကို လေကြောင်းနှင့်လက်နက်ကြီးအသုံးပြုပြီး ပစ်မှတ်ထားတိုက်ခိုက်သည့် စစ်ရာဇဝတ်မှု ကျူးလွန်နေသည်ဟု ကေအဲန်ယူက ဆိုသည်။



















