ပြည်သူတွေက ပြည်တွင်းစစ်ကို တော်တော်ငြီးငွေ့လာကြတယ် — ဆိုလို့
မောင်ကျော်စွာ
(၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်)
ကမ္ဘာပေါ်မှာ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု အစိုးရနဲ့ အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရန့် အစိုးရတို့ရဲ့ (၂၈ ဖေဖော်ဝါရီ ၂၀၂၆) မှာ အစပြုတဲ့ အကြမ်းဖက် ကျူးကျော်တိုက်ခိုက်မှုကနေ ကွင်းဆက်သဖွယ်ဖြစ် လာတဲ့ သေကျေပျက်စီးမှုတွေ၊ လောင်စာဆီရှားပါးပြတ်လပ်မှု၊ ကုန်သွယ်ရေးမတည်မငြိမ်ဖြစ်မှု စတဲ့အကျပ်အတည်း ပေါင်းစုံဟာ ကမ္ဘာ့နေရာဒေသအသီးသီးကို မတူတဲ့အတိုင်းအတာနဲ့ ရိုက်ခတ်ပြန့်နှံ့သွားခဲ့ပါတယ်။ နောက်ဆုံး အမေရိ ကန်ပြည်ထောင်စုအတွင်း အီရန်အပေါ်စစ်ဆင်နေမှု ရပ်ဆိုင်းရေး လူထုဆန္ဒပြပွဲကြီးတွေ ပေါ်လာတယ်။ နေတိုးစစ်မ ဟာမိတ်အဖွဲ့ကြီးအတွင်း သိသာထင်ရှားတဲ့ အက်ကြောင်းတွေ ကွဲလွဲချက်တွေ ပေါ်လာတယ်။ နောက်ဆုံး အမေရိကန် လွှတ်တော်တွင်းနဲ့ သမ္မတထရန့်ရဲ့ နောက်ခံပါတီဖြစ်တဲ့ ရီပတ်ဘလစ်ပါတီထဲမှာတောင် သဘောထားကွဲလွဲမှုတွေ အထင်အရှားပေါ်လာပါတယ်။
ပြဿနာတွေ များစွာ ဆက်ပြီးရှိနေလင့်ကစား အီရန်အပေါ်ကျူးကျော်မှုဟာ စစ်ရေးနည်းနဲ့ စွက်ဖက် အကြမ်း ဖက်မှုတိုက်ခိုက်မှုတွေကနေ တွေ့ဆုံညှိနှိုင်းအဖြေရှာရေးဘက်ကို တစတစ ဦးတည်လာနေတာကို အထင်အရှား တွေ့ နေရပါတယ်။ ဒီလို ဦးတည်လာမှုကို အီရန်ပြည်သူတွေ၊ အရှေ့အလယ်ပိုင်းဒေသက ပြည်သူတွေ၊ အမေရိကန်ပြည်သူ တွေနဲ့ ကျန်ကမ္ဘာ့နိုင်ငံအသီးသီးက ပြည်သူတွေက အကောင်းမြင်မျှော်လင့်ချက်နဲ့ ဝမ်းသာနေကြတာ သိသာပါတယ်။ အစ္စရေးအစိုးရနဲ့ အမေရိကန်အစိုးရတို့ရဲ့ ဗိုလ်ကျကျူးကျော်အကြမ်းဖက်မှုကလည်း ဖုံးကွယ်လို့မရအောင် ထင်ရှား ပေါ်လွင်နေပါတယ်။
ဒီအချက်ကနေ တိုက်ရိုက်အကျိုးဆက်အဖြစ် ပေါ်ပေါက်လာတဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ နည်းပညာ၊ စွမ်းအင်၊ ကာကွယ်ရေး၊ လုံခြုံရေး အစရှိတဲ့ တိုင်းပြည်အသီးသီးရဲ့ အမျိုးသားအကျိုးစီးပွားတွေကို အချိန်ကြာမြင့်လာ လေ ပိုမိုထိခိုက်သထက် ထိခိုက်လာစေပါတော့တယ်။ ဒါကြောင့် အမေရိကန်ရဲ့ အစဉ်အလာမဟာမိတ်ဆိုတဲ့ ဥရောပ တိုင်းပြည်တွေဟာ (ပြင်သစ်၊ ဂျာမနီ၊ စပိန် စတဲ့) အီရန်စစ်ပွဲကို အမြန်ဆုံး ရပ်စဲစေလိုလာကြပါတယ်။
ပိုမိုဆိုးဝါးစေတာက သမ္မတဒေါ်နယ်ထရန့်ဟာ အခွန်ကောက်ခံမှုကို လက်နက်အဖြစ် အသုံးချပြီး စိမ်းကျက် နီးဝေး မရွေး နိုင်ငံကြီးငယ်မရွေး နိုင်ငံအားလုံးကို ခြိမ်းခြောက်အကျပ်ကိုင်တာပါ။
အဲဒီလို ဒေါ်နယ်ထရန့်အစိုးရရဲ့ စစ်ရေး/ကုန်သွယ်ရေး ဗိုလ်ကျအကြမ်းဖက်မှုတွေဟာ အမေရိကန်နိုင်ငံအ တွင်းနဲ့ ကမ္ဘာတစ်ဝန်းပြည်သူများ အစိုးရများရဲ့ အမျိုးမျိုးသော ဖိအားတွေကြောင့် အရှိန်လျော့ကျလာနေပြီ ဖြစ်ပေ မယ့် စိတ်ချလက်ချအနေအထားတော့ မရောက်သေးပါဘူး။
သမ္မတဒေါ်နယ်ထရန့်ရဲ့ အုပ်စိုးမှုက ပြဒါးလို အပြောင်းအ လဲမြန်ပြီး ခန့်မှန်းတွက်ဆရခက်ပါတယ်။ အချိန်မရွေး ဘာမဆိုဖြစ်လာနိုင်တာမျိုးပါ။
ဒါဟာ ကမ္ဘာကြီးမှာ အင်အားလွန်နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်နိုင်ငံက သမ္မတဒေါ်နယ်ထရန့်အမှူးပြုတဲ့ အစိုးရ ရဲ့ပေါ်လစီနဲ့ မဆင်မခြင် လုပ်ဆောင်မှုတွေကြောင့် တိုက်ရိုက်ပေါ်ထွက်လာရတဲ့ ကမ္ဘာနဲ့အဝန်း ကသောင်းကနင်းဖြစ်မှု တွေပါပဲ။
အမေရိကန်ပြည်သူတွေက ဒီမိုကရေစီနည်းနဲ့ရွေးချယ်လိုက်တဲ့ “သမ္မတ” တစ်ယောက်က ငါတကော ကောပြီး အာဏာရှင်ဆန်စွာ (ဆန္ဒပြအမေရိကန်ပြည်သူတွေကတော့ “ဘုရင်အလိုမရှိ” NO Kings ကြွေးကြော်ဆန္ဒပြကြပါ တယ်) ထင်ရာစိုင်း ပြုမူလုပ်ဆောင်နေမှုတွေကို ဘယ်လိုအပြန်အလှန် ထိန်းကျောင်းကြမလဲဆိုတဲ့အချက်ကို လေးလေးနက်နက် စဉ်းစားကြံဆနေကြပါပြီ။
ကျနော်တို့ပြည်တွင်းမှာလည်း ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ရက်နေ့ မင်းအောင်လှိုင် စစ်အုပ်စု အာဏာသိမ်း ပိုက်မှုကနေ တိုက်ရိုက်ပေါ်ထွက်လာတဲ့ တတိုင်းတပြည်လုံးက တခဲနက်ပါဝင်တဲ့ လူထုအုံကြွမှုကြီးတွေ၊ အဲဒီလို တပြည်လုံးအတိုင်းအတာဆောင်တဲ့ လူထုအုံကြွမှုကြီးကို အာဏာသိမ်း မင်းအောင်လှိုင်စစ်အုပ်စုက အကြမ်းဖက် ဖိနှိပ်ပစ်ခတ်သတ်ဖြတ်တာတွေကြောင့် ရရာလက်နက်စွဲကုန်ပြီး ခုခံကြရာကနေပေါ်လာတဲ့ ပြာဖုံးနေတဲ့ ပြည်တွင်းစစ် မီးဟာ နိုင်ငံနဲ့အဝန်းကို အရှိန်အဟုန်နဲ့ တကျော့ပြန် တောက်လောက်လာပါတယ်။
အဲဒီတကျော့ပြန်ပြင်းထန်လာတဲ့ ပြည်တွင်းစစ်ကြောင့် အများပြည်သူ သေကြေထိခိုက်ဒဏ်ရာရကြတယ်၊ မျိုးဆက်သစ်လူငယ်ထုဟာ ၃ပိုင်း ကွဲသွားပါတယ်။
ပထမအစုက လက်နက်ကိုင်ခုခံတော်လှန်စစ်ထဲ အုံနဲ့ကျင်းနဲ့ ဝင်ရောက်သွားကြတယ်။ ဒုတိယအစုက စစ်အုပ် စုရဲ့အဓမ္မစစ်သားဆွဲတာခံရပြီး စစ်မှုထမ်းကြရတယ်။ တတိယအစုက အိမ်နီးချင်း သို့မဟုတ် အခြားနိုင်ငံတွေထံ ပုံစံ အမျိုးမျိုးနဲ့ ထွက်ခွာသွားကြရတယ်။
နိုင်ငံနဲ့အဝန်း စီးပွားကုန်သွယ်မှုတွေ ရပ်တန့်ပျက်ပြားကုန်တယ်။ အိုးအိမ်တွေ မီးလောင်ပြာကျပျက်စီးကုန် တယ်။ မြို့ရွာနေရပ်ကိုစွန့်ခွာ ထွက်ပြေးကြရတယ်။ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာ၊ ကုန်ပစ္စည်းတွေ ရှားပါးလာတာ၊ သွားလာရေး ခက်ခဲလာတာ ပညာရေး၊ ကျန်းမာရေး စတဲ့ ဒုက္ခပေါင်းစုံရင်ဆိုင်ကြရတယ်၊ ပြည်တွင်း စစ်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဆိုးကျိုးတွေ များစွာ ခံစားလာကြရတယ်။ ဒါကြောင့် ဒီနေ့အချိန်အခါမှာ ပြည်သူတွေက ပြည် တွင်းစစ်ကို တော်တော်ငြီးငွေ့လာကြတယ်။
မျိုးဆက်သစ်လူငယ်တွေ တွေးထင် စိတ်ကူးခဲ့ကြသလို တော်လှန်စစ်ဟာ အချိန်ကာလတိုအတွင်း ပြီးမြောက် အောင်မြင်လာလိမ့်မယ်မဆိုတာ ထင်သလို မလွယ်ကူကြောင်း မျိုးဆက်သစ်လူငယ်များ ကိုယ်တိုင် ဆုံးဖြတ်ရွေးချယ် ပါဝင် ဖြတ်သန်းခဲ့ကြတဲ့လက်တွေ့ (၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ နောက်ပိုင်းကနေ မျက်မှောက်ကာလ ၂၀၂၆ခုနှစ် ယနေ့ ကာလအထိ)က အခိုင်အမာ သင်ကြားပြသခဲ့ပြီးလည်းဖြစ်ပါတယ်။
တော်လှန်ရေးတစ်ရပ် ဆင်နွှဲတယ်ဆိုတာ စိတ်ဓာတ်တက်ကြွမှုတစ်ခုထဲနဲ့၊ လက်နက်ခဲယမ်းရှိရုံမျှနဲ့၊ သဒ္ဒါကြေးကူငွေ လှူငွေတစ်ခုထဲနဲ့ မြန်မြန်အောင်ပွဲရဖို့ဆို တာ ထင်သလို မလွယ်ကူကြောင်း အဖွဲ့အစည်းသဘောတွေ၊ စီမံခန့်ခွဲမှုသဘောတွေ၊ အထက်အောက် အမိန့်ပေး အမိန့် နာခံစနစ်တွေ၊ ငွေကြေးစီမံခန့်ခွဲရမှုတွေ၊ သဘာဝကျစွာ ပေါ်လာတတ်တဲ့ လူမှုပြဿနာအရှုပ်အရှင်းတွေ၊ စီမံဆောင် ရွက်မှုဆိုင်ရာ ချွတ်ချော်မှားယွင်းမှုတွေ၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြား၊ နယ်မြေ၊ ဒေသခံ၊ လူမျိုးတွေအကြား အပြန်အလှန် ဆက်ဆံမှုတွေ၊ တော်လှန်ရေးစစ်ပွဲအတွင်း သေကြေဒဏ်ရာရသူတွေကို ပြုစုစောင့်ရှောက်ရေးလုပ်ငန်း တွေ စတဲ့ပြဿနာမျိုးစုံနဲ့ လုံးထွေးရင်ဆိုင်ကျော်ဖြတ်ရတဲ့ မဆုံးနိုင်တဲ့ လက်တွေ့မျိုးစုံနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ကြုံကြ ရပါတယ်။
ထို့အတူ အာဇာနည်ပီသစွာ ကျဆုံးသွားကြသူတွေ၊ သူရဲကောင်းပီသစွာ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ ပေးလှူခဲ့ကြရသူတွေရှိသလို ဆက်ပြီးမလိုက်ပါနိုင်ကြတော့လို့ လက်နက်ချသွားကြသူတွေလည်းရှိလာပါတယ်။ ရန်သူ့ စစ်စခန်းကြီးငယ်တွေ၊ လက်နက်တွေ၊ သုံ့ပန်းတွေ၊ မြို့တွေရွာတွေ၊ ဆက်သွယ်ရေးလမ်းမကြီးတွေကို လက်ရသိမ်း ပိုက်ထိန်းချုပ်ထားနိုင်တဲ့ အောင်မြင်မှုတွေ ရှိခဲ့ဖူးသလို ယခုအခါ အဲဒီအောင်မြင်မှုတွေဟာ စစ်ရဲ့ သဘောတရားဖြစ် တဲ့ ထိုးစစ်နဲ့ခံစစ်၊ အတက်နဲ့အဆုတ်၊ လက်ရသိမ်းပိုက်နိုင်တာနဲ့ လက်လွှတ်ပေးလိုက်ရတာ စတဲ့ စစ်ရဲ့ ဘတစ်ပြန် ကျားတစ်ပြန်ဖြစ်စဉ်ကိုလည်း ကိုယ်တွေ့ ကြုံဖူးလာခဲ့ကြပါပြီ။
“မုဆိုး စိုင်သင်” ဆိုတဲ့စကားလိုပါပဲ။ ၅နှစ်တာ ခုခံစစ်လက်တွေ့က ကျနော်တို့လူငယ်မျိုးသစ်တွေကို စစ်နဲ့ ပတ်သက်တဲ့ သဘောတရားတွေ လက်တွေ့ကျကျ သင်ကြားပေးခဲ့ပါတယ်။ ကျနော်တို့ရဲ့အတွေ့အကြုံတွေကို ကျကျ နန၊ လေးလေးနက်နက် သဘောထားပြီး ကျနော်တို့ရဲ့အောင်မြင်မှု၊ ကျနော်တို့ရဲ့အရေးနိမ့်မှုထဲကနေ ကျနော်တို့ရဲ့ အား သာချက်နဲ့ လိုအပ်ချက်ကို သင်ခန်းစာထုတ်ယူပြီး မိမိကိုယ်ကိုရော၊ မိမိကွပ်ကဲ ဦးစီးနေတဲ့တပ်ဖွဲ့ကိုရော ပညာပေးဖို့ အခြေအနေနဲ့ကိုက်ညီအောင် ပြုပြင်ပြောင်းလဲနိုင်ဖို့ သိပ်ကို လိုအပ်ပါတယ်။
ရန်သူ့စခန်းတွေ၊ ရန်သူ့စိုးမိုးထားမှုတွေကို ကျနော်တို့ သိမ်းပိုက်တိုက်ခိုက်ရယူစဉ်က အောင်ပွဲခံစိတ်နဲ့ တက် ကြွခဲ့ကြသလို ရန်သူက ကျနော်တို့သိမ်းယူထားတဲ့ သူ့စခန်း၊ သူ့ဒေသ၊ သူ့မြို့ရွာတွေကို ပြန်လှန်ထိုးစစ်ဆင်ပြီး ရယူ သွားနိုင်တဲ့အခါမှာလည်း ကျနော်တို့ဟာ သင်ခန်းစာယူမယ်ဆိုတဲ့စိတ်ဓာတ်၊ ကျနော်တို့လိုအပ်ချက်ကို ပြောင်းလဲပြင် ဆင်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်ဝံ့ဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ မပြီးနိုင်မစီးနိုင် ကြေကွဲဝမ်းနည်းနေမယ်ဆိုရင် တော့ ရန်သူ့အကြိုက်ပဲဖြစ်မှာပါ။
ဘယ်လိုစစ်ပဲဖြစ်ဖြစ် တိုင်းပြည်နဲ့ပြည်သူကို ကြီးကြီးမားမား ထိခိုက်ပျက်စီးနစ်နာစေတာပါပဲ။
ဒီစစ်ပွဲကို ကျနော်တို့လူငယ်တွေ စတင်ခဲ့တာ လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ “မဲ မသမာမှု” ဆိုတဲ့ လုပ်ကြံ ချဲ့ကား အကြောင်းပြချက်နဲ့ အာဏာသိမ်းပိုက်ခဲ့တဲ့ မင်းအောင်လှိုင် အမှူးပြုတဲ့ စစ်အုပ်စုပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ အမှုအခင်းဆိုတာ ရွေးကောက်ပွဲတိုင်းမှာရှိစမြဲပါ။
အကယ်၍ “မဲစာရင်းမှားယွင်းမှု”ရှိတယ်ဆိုရင်တောင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုပဲ တင်ပြတိုင်တန်းပြီး ကော်မရှင်ရဲ့ စစ်ဆေးမှုနဲ့ စီရင်မှုကို ပြဿနာဖြစ်ပွားတဲ့ ဘက်နှစ် ဖက်၊ ပါတီ ၂ခုက လေးလေးစားစား နာခံရမှာပါ။ ဒါကသာ နည်းမှန်လမ်းမှန် ဥပဒေကြောင်းအရ ဖြေရှင်းနည်းဖြစ်ပါ တယ်။ အပ်နဲ့ထွင်ရမယ့်ကိစ္စကို အပ်နဲ့ထွင်တာ ဖြစ်ပါတယ်။
အခုတော့ မင်းအောင်လှိုင်စစ်အုပ်စုက သာမန် ရွေးကောက်ပွဲဆိုင်ရာ အမှုအခင်းကို “မဲ မသမာမှု”လို့ တမင် လုပ်ကြံချဲ့ကားပြီး စစ်တပ်ကို ခုတုံးလုပ်ကာ အာဏာသိမ်းပိုက်တဲ့နည်းနဲ့ ဖြေရှင်းတာဟာ အပ်နဲ့ထွင်ရမယ့်ပြဿနာကို ပေါက်ဆိန်နဲ့ပေါက်တာဖြစ်ပါတယ်။
ဒီလိုပေါက်ဆိန်နဲ့ပေါက်လို့သာ တပြည်လုံးလူငယ်တွေအများစုပါဝင်တဲ့ လက်နက်ကိုင်ခုခံမှုဟာ အရှိန်အဟုန် နဲ့ ပေါ်ပေါက်လာရတာပါ။ ဒီနေ့ နိုင်ငံနဲ့အဝန်းမှာ ပေါ်ပေါက်လာရတဲ့ အနိဌာရုံဆိုးကျိုးဆက်တွေဟာ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းပိုက်မှုကနေ မြစ်ဖျားခံပါတယ်။
ဒီလို ပြဿနာတွေကို “ရက်ပေါင်း ၁၀၀အတွင်း လက်နက်လာချကြ”လို့ ဖိတ်ခေါ်နည်းနဲ့ ပြေလည်မှုမရနိုင် ပါဘူး။ NCA စာချုပ် လက်မှတ်ထိုးထားသူတွေ လက်မှတ်မထိုးရသေးသူတွေ လာကြလို့ ဖိတ်ခေါ်နေလို့ မရ နိုင်ပါဘူး။ ဒီပြဿနာကို ပြီးပြတ်ပြေလည်စွာ ဖြေရှင်းချင်တယ်ဆိုရင် “၂၀၀၈ အခြေခံဥပဒေ” ကို စစ်အုပ်စုက အသေဆုပ်ကိုင် ထားလို့လည်း ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိအမြန်ဆုံး လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးဖို့လည်း လိုအပ်ပါတယ်။ ဒီလိုဆွေးနွေးရာမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကမ္ဘာ့ကုလ သမဂ္ဂ၊ အာဆီယံအဖွဲ့တို့မှာ သမာသမတ်ကျတဲ့ လူကြီးလူကောင်းများ ပါဝင်ဖို့ လိုအပ်ပါလိမ့်မယ်။
မင်းအောင်လှိုင်ရဲ့ “ရက်ပေါင်း ၁၀၀” အတွင်းမှာ လက်နက်ချလာသူ အရေအတွက် တစ်စုံတစ်ရာ ရှိလာမှာ ပါ။ ဒါပေမယ့် “လက်နက်ချစေတဲ့နည်း” ဟာ အလုပ်မဖြစ်ခဲ့ကြောင်း ပြည်တွင်းစစ်ပြဿနာကို ပြီးပြတ်ပြေလည် အောင် ဖြေရှင်းနိုင်ခဲ့ခြင်းမရှိကြောင်းကို (၁၉၄၈ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ) ပြည်တွင်းစစ် နှစ် ၇၀ ခရီးက လက်တွေ့ ပြသခဲ့ပြီပဲ မဟုတ်ပါလား။
ပြည်သူတွေရဲ့ သားသမီးတွေကို၊ တိုင်းပြည်ရဲ့ မျိုးဆက်သစ်တွေကို စစ်ထဲ အဓမ္မဆွဲသွင်းပြီး စစ်အုပ်စု သားစဉ် မြေးဆက် အာဏာတည်တံ့ခိုင်မြဲရေး လုပ်နေတာကို တရားဝင်ရပ်တည်နေပါတယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေက လက်ပိုက်ကြည့်နေကြမလား။ ဒီလို လူငယ်မျိုးဆက်သစ်တွေကို ပြည်တွင်းစစ်မီးပုံကြီးထဲ လောင်စာအဖြစ် ရက်ရက် စက်စက် ထိုးသွင်းနေမှုကို တရားဝင် ရပ်တည်နေပါတယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေက ငုံ့ခံနေကြမလား။ စစ်တပ်အာ ဏာသိမ်းဖို့ မြှောက်ပင့်သွေးထိုးပေးခဲ့တဲ့ နိုင်ငံရေးပါတီတွေဟာ တကျော့ပြန်ပြည်တွင်းစစ်ရဲ့ ပူးတွဲတရားခံတွေဖြစ်ပါ တယ်။
စစ်အုပ်စုက ပြည်သူတွေကို “ပြည်သူ့စစ်မဟာဗျူဟာ” ဆိုတဲ့ လှည့်စားခြိမ်းခြောက်မှုနဲ့ စစ်ထဲ အဓမ္မဆွဲသွင်း လို့ရတယ်ဆိုရင် ပြည်သူတွေကိုယ်တိုင်က “လူမျိုးပေါင်းစုံ ပြည်သူ့ငြိမ်းချမ်းရေးမဟာဗျူဟာ”ကို လက်တွေ့ကျကျ ကျင့်သုံးပြီး ပြည်တွင်းစစ်ကို နည်းမှန်လမ်းမှန်နဲ့ ရပ်စဲဖို့ ဆောင်ရွက်ပိုင်ခွင့် မလွဲမသွေ ရှိရပါလိမ့်မယ်။
မိမိကိုယ်ကိုလေးစားတဲ့၊ ပြည်သူကိုလေးစားတဲ့၊ ပြည်သူ့အကျိုးစီးပွားကို မျက်နှာမူတဲ့ နိုင်ငံရေးပါတီတွေဟာ လူမျိုးပေါင်းစုံပြည်သူများရဲ့ လိုလားချက်ကို တည့်မတ်တည်ကြည်စွာ ဆောင်ရွက်ပေးကြဖို့ တာဝန်ရှိပါတယ်။



















