Home သတင်း ကစယ်ဒို ကရင်လူငယ်အစည်းအရုံး၏ အလုပ်အမှုဆောင်သစ်များ ပြန်လည်ရွေးကောက်တင်မြှောက်

ကစယ်ဒို ကရင်လူငယ်အစည်းအရုံး၏ အလုပ်အမှုဆောင်သစ်များ ပြန်လည်ရွေးကောက်တင်မြှောက်

399
Photo: KNU-MTD

မေလ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် ကရင်လူငယ်အစည်းအရုံး (KYO) ၏ (၃) ကြိမ်မြောက် ကွန်ဂရက်ကို ကော်သူးလေအုပ်ချုပ်နယ်မြေ တစ်နေရာတွင် ကျင်းပပြီး အလုပ်အမှုဆောင်သစ်များ ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့သည်ဟု ကေအဲန်ယူက ယနေ့ ထုတ်ပြန်သည်။

မေလ ၄ ရက်မှ ၆ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် ကွန်ဂရက်အတွင်း စောဒေးဒေးဝေ (ဥက္ကဋ္ဌ)၊ နန်းနန္ဒာဗိုလ် (အတွင်းရေးမှူး)၊ စောအယ်ကလူဆီး (စည်းရုံးရေးနှင့် ပြန်ကြားရေးတာဝန်ခံ)၊ နော်ဖောအယ်လယ် (သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဖွံ့ဖြိုးရေးတာဝန်ခံ) ၊ စောတာမိုးအေး (လူမှုရေးတာဝန်ခံ) ၊ စောတာပူးပူး (ဘဏ္ဍာရေးတာဝန်ခံ)နှင့် နော်အယ်ထီးခူဖော (စာရင်းစစ်တာဝန်ခံ) စသည့် အလုပ်အမှုဆောင်သစ်များကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ ကွန်ဂရက်သို့ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃ အုပ်စုမှ လူငယ်ခေါင်း ဆောင်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာနှင့် တပ်ပိုင်းဆိုင်ရာ လူငယ်ကိုယ်စားလှယ်များ စုစုပေါင်း ၃၇ ဦး တက်ရောက်ခဲ့ကြသည်။ ကွန်ဂရက်တွင် (၂) နှစ်တာအတွင်း လုပ်ဆောင်ခဲ့သည့် မြို့နယ် KYO ၏ အစီရင်ခံစာနှင့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ် အတည်ပြုခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo: KNU-MTD

၎င်းကွန်ဂရက်သို့ ကေအဲန်ယူ-ကစယ်ဒိုမြို့နယ် အမြဲတမ်းကော်မတီဝင် ပဒိုစောဆဲနေဒါးနှင့် ပဒိုစောယိုရှဲဝင်း၊ မြိတ်-ထားဝယ်ခရိုင် KYO တွဲဖက်အတွင်းရေးမှူး စောကျော်လင်းနိုင်နှင့် အလုပ်အမှုဆောင်ကော်မတီဝင် စောအယ်လေး၊ လယ်ဒိုစိုးမြို့နယ် KYO ဥက္ကဋ္ဌ စောဒိုးဒိုအားတို့လည်း တက်ရောက်ခဲ့ကြသည်။

KYO ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြို့နယ်နှင့် ခရိုင်အဆင့် ကွန်ဂရက်များကို (၂) နှစ်လျှင် တစ်ကြိမ် ကျင်းပပြုလုပ်ပြီး ဗဟိုအဆင့် ကွန်ဂရက်ကိုမူ (၄) နှစ်လျှင် တစ်ကြိမ် ကျင်းပပြုလုပ်လျက်ရှိပါသည်။