မေလ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင် (တပ်မဟာ ၄) တွင် အခြေစိုက်သည့် ကော်သူးလေအာမီ (KTLA) တပ်ဖွဲ့၏ ဆာ့ကဆောစစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၃၀ ကျော်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ထံသို့ မေလ ၄ ရက်နေ့က လက်နက်အပြည့်အစုံဖြင့် ပြန်လည်ပူးပေါင်းလာကြောင်း သိရသည်။
အဆိုပါ ပြန်လည်ပူးပေါင်းလာသူများသည် ယခင်က KNLA တပ်မဟာ (၄) လက်အောက်ခံ ဆာ့ကပေါ် စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များဖြစ်ကြပြီး ၎င်းတို့နှင့်အတူ လက်နက်ခဲယမ်းများကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့ကြခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ KNLA တပ်ရင်း (၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောမူးဂေက “ပြန် လာပူးပေါင်းတာဟုတ်ပါတယ်။ သူခို့(ဗိုလ်)အဲ့ဖိုးလူတွေဖြစ်တယ်။ ဒီတစ်ဖွဲ့က သူတို့နေတာက ထားဝယ်ခီးဘက်က ဖြစ်တယ်။” ဟု ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။

ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်အတွင်း KNLA နှင့် KTLA တပ်ဖွဲ့များကြား စစ်ရေးတင်းမာမှုများ မကြာ ခဏဖြစ်ပွားလေ့ရှိသည်။ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ကလည်း ကစယ်ဒိုမြို့နယ်အတွင်း KTLA အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် KNLA တပ်ဖွဲ့ဝင် ၄ ဦးနှင့် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။
ယခုကဲ့သို့ ဆာ့ကဆောတပ်ဖွဲ့ဝင်များ KNLA ထံ ပြန်လည်ပူးပေါင်းလာခြင်းသည် နယ်မြေအတွင်း တပ်ဖွဲ့ အချင်းချင်းကြား တင်းမာမှုများ လျော့ကျစေရန် အထောက်အကူပြုနိုင်မလားဆိုသည်ကို ဒေသခံများက စောင့်ကြည့်လျက်ရှိကြသည်။
အဆိုပါ တပ်ဖွဲ့ဝင်များ KNLA ထံ ပြန်လည်ပူးပေါင်းသည့်ကိစ္စကို အသေးစိတ် သိရှိရန် သက်ဆိုင်ရာ KTLA တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်း၍ မရရှိသေးပါ။



















