Home သတင်း မြဝတီမြို့ စက်သုံးဆီဆိုင်တချို့တွင် လိုင်စင်ရှိကားများကိုသာ ရောင်းချပေးနေ

မြဝတီမြို့ စက်သုံးဆီဆိုင်တချို့တွင် လိုင်စင်ရှိကားများကိုသာ ရောင်းချပေးနေ

432

မေလ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် PTT စက်သုံးဆီဆိုင်များ၌ ယနေ့ မေလ ၆ ရက် နံနက်ပိုင်းမှ စတင်ကာ လိုင်စင်မဲ့ မော်တော်ယာဉ်များကို ဆီရောင်းချခြင်း မပြုတော့ဘဲ လိုင်စင်ရှိသည့် မော်တော်ယာဉ်များကိုသာ ရွေးချယ်ရောင်းချပေးနေကြောင်း မြဝတီမြို့ခံများထံမှ သိရသည်။

မြို့ပေါ်ရှိ ဖားချောင်းနှင့် အမှတ် (၂) ချစ်ကြည်ရေးတံတားလမ်းပေါ်ရှိ PTT စက်သုံးဆီဆိုင် ၃ ဆိုင်တွင် ဓာတ်ဆီ အောက်တိန်း 92 တစ်လီတာလျှင် ၄,၇၅၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၄,၉၁၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၆,၆၉၅ ကျပ်တို့ဖြင့် ရောင်းချပေးနေခြင်း ဖြစ်သည်ဟု စက်သုံးဆီဝယ်ယူခဲ့သည့် မြဝတီမြို့ခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ဒီမနက်ပဲ မြဝတီမှာ စတာ။ အောက်က ရန်ကုန်တို့ ဖားအံတို့ ပေးတဲ့အတိုင်း လိုင်စင်ကားတွေပဲ ထည့်လို့ရတယ်။ လိုင်စင်မရှိတဲ့ကားတွေကျတော့ အပြင်မှာ ဈေးကြီးပေးဝယ်နေရတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို သတ်မှတ်ဈေးဖြင့် ရောင်းချပေးရာတွင် စက်သုံးဆီဆိုင်များအနေဖြင့် ဆီဖြည့်သည့်ကား၏ ကီလိုမီတာမှတ်တမ်းကို ရယူထားသည့်အပြင် ဆီဖြည့်ပြီးကြောင်းကိုလည်း ဝယ်ယူသူများအား လက်မှတ်ရေးထိုးခိုင်းသည့် စနစ်ကိုပါ လုပ်ဆောင်ရသည်ဟု အဆိုပါ မြို့ခံက ဖြည့်စွက်ပြောသည်။

နောက်ထပ် မြို့ခံအမျိုးသားတစ်ဦးကလည်း “မနေ့က သွားဝယ်တာ ဘာမှ မပြောသေးဘူး။ လိုသ လောက်ထည့်လို့ ရသေးတယ်။ တကယ်လို့ နောက်ပိုင်း ဆီဆိုင်တိုင်းမှာ အဲ့ဒီလို ရောင်းချပေးမယ်ဆိုရင် ဝစ်သောက် (လိုင်စင်မဲ့) ကားမောင်းတဲ့သူတွေက ဆီထည့်ရဖို့ ဒုက္ခရောက်တာပေါ့။ ပိုက်ဆံရှိတဲ့သူတွေ မှောင်ခိုဈေးနဲ့ ဝယ်သုံး အဲလိုတော့ ရှိတာပေါ့” ဟု ပြောသည်။

ထို့အပြင် စက်သုံးဆီရောင်းချပေးရာတွင် ဝန်ကြီးဌာန၏ သတ်မှတ်ချက်အတိုင်း ဆိုင်ကယ်များအတွက် တစ်ပတ်လျှင် ၈ လီတာနှုန်း၊ မော်တော်ယာဉ်များကို အင်ဂျင်ပါဝါအလိုက် တစ်ပတ်လျှင် ၃၅ လီတာမှ ၄၀ လီတာအထိနှင့် အဝေးပြေးယာဉ်များကိုလည်း အင်ဂျင်ပါဝါအလိုက် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း ဖြစ်သည်။

ယခင်လက ဆီဆိုင်များ ပိတ်ထားရသည်ထိ စက်သုံးဆီပြတ်လပ်မှုရှိခဲ့သည့် မြဝတီမြို့တွင် စက်သုံးဆီတစ်လီတာလျှင် ကျပ် ၁၂,၀၀၀ မှ ၁၃,၀၀၀ ကြားအထိ ပေးခဲ့ရပြီး ပြင်ပဈေးကွက်တွင် ၂၀ လီတာ စက်သုံးဆီတစ်ပုံးလျှင် ငွေကျပ် ၂ သိန်းကျော်အထိ ပေါက်ဈေးရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

လိုင်စင်မဲ့ မော်တော်ယာဉ်များကိုသာ အများစု အသုံးပြုနေသည့် မြဝတီမြို့တွင် ယခုလို လိုင်စင်ရှိ ကားများကိုသာ သတ်မှတ်ဈေးဖြင့် ရောင်းချပေးခြင်းကြောင့် လိုင်စင်မဲ့ယာဉ်များမှာ ပြင်ပဈေးကွက်တွင် မြင့်မားသော ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနေရသည့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။