ဧပြီ (၃)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖားအံ-မြဝတီ-ကော့ကရိတ်သို့ သွယ်တန်းထားသော အာရှလမ်းမကြီးစဖွင့်ပြီး ယနေ့ ဧပြီ(၃)ရက်နေ့တွင် လမ်းအသုံးပြုသွားလာသည့်မော်တော်ယာဥ်များထံမှ ယာဥ်ပေါ်ပါခရီးသည်အရေအတွက်အလိုက် စစ်အုပ်စုက ငွေတောင်းခံခဲ့ကြောင်း ယာဥ်မောင်းများနှင့်ခရီးသွားလာသူများထံမှ သိရသည်။
ယမန်နေ့ ဧပြီ(၂)ရက်နေ့က ပြည်နယ်စစ်အုပ်စုသည် ဖားအံမြို့နယ်အတွင်း အာရှလမ်းဖွင့်ပွဲပြုလုပ်သွားပြီး ယာဥ်များမဖြစ်မနေသွားလာရန် လုပ်ဆောင်လျက်ရှိရာ ယနေ့ညနေပိုင်း မြဝတီမြို့နယ်ရှိ စစ်အုပ်စုဂိတ်မှ ငွေကြေးကောက်ခံခဲ့ခြင်းဖြစ်သည်ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။
“မနက်ပိုင်းလမ်းဖွင့်လို့သွားတာ ကော့ကရိတ်ကနေဖားအံအထိ အေးဆေးပဲ။ ညနေပြန်တက်လာတော့ တောနော၊ နတ်စဉ်ကုန်း၊ ကွမ်းသီးတောဘုရားကုန်း၊ ညီနောင်ဂိတ်တွေမှာစစ်တယ် သတင်းပို့ရတယ်။ ဖားချောင်း၊ မဲကနယ် စစ်တပ်ဂိတ်ကျမှ တစ်ယောက်တစ်သောင်း တောင်းတယ်။ မပေးရင်ပြန်လှည့်ဆိုတော့ ငါးယောက်စာ ငါးသောင်းပေးခဲ့ရတယ်” ဟု မြဝတီမြို့ခံက ပြောသည်။
ထို့အပြင် ယမန်နေ့လမ်းဖွင့်ပွဲအပြီး မြဝတီမှပြည်တွင်းသို့သွားလာသူများမှာ လုံခြုံရေးကြောင့် ယခင်အသုံးပြုနေကျ လမ်းဟောင်းနှင့်တောလမ်းများကို အသုံးပြုသွားလာလိုသော်လည်း စစ်အုပ်စုကပိတ်ပင်တားမြစ်ခဲ့၍ အာရှလမ်းမှမလွဲမရှောင်သာ သွားလာရခြင်းရှိခဲ့သည်။
ထိုအခြေအနေတွင် ဖားအံဘက်သို့ဆင်းလာသည့်ယာဥ်အချို့အား လမ်းပိုင်းရှိ စစ်အုပ်စုစစ်ဆေးရေးဂိတ်များနှင့် မြို့အဝင် လမ်းအသုံးပြုခကောက်ခံသည့်ဂိတ်များက ဂိတ်ကြေး၊လမ်းကြေးအနေဖြင့် ကျပ်ငွေသိန်းချီ ကောက်ခံခဲ့သည်ဟုလည်း ထိုယာဥ်မောင်းများက ပြောသည်။
ကုန်တင်ယာဥ်မောင်းတစ်ဦးက “ခါတိုင်းလိုပဲ ထို့ကော်ကိုးလမ်းကဆင်းမလို့။ ညီနောင်ရောက်တော့ အာရှလမ်းက ပဲဆင်းရမယ်၊ မဆင်းရင်ပြန်လှည့်ဆိုတော့ မတတ်နိုင်ဘူးပေါ့။ ကိုးတိုင် တံတားကျိုး၊ နွားခြံကုန်း၊ ဂျိုင်းတံတားနဲ့ အိန္ဒုဂိတ်တွေမှာ ဂိတ်ကြေးပေးခဲ့ရတာ အားလုံးပေါင်း ၃သိန်းခွဲ လောက်ရှိတယ် ” ကေအိုင်စီကို ပြောသည်။
အာရှလမ်းမကြီးစဖွင့်ဖွင့်ချင်းမှာပင် စစ်အုပ်စုကငွေတောင်းယူသည့်ကိစ္စအပေါ် မြဝတီမြို့အသိုင်းအဝိုင်းကလည်း လူမှုကွန်ယက်မီဒီယာတွင် မျှဝေထားကြပြီး ဝေဖန်ပြောဆိုနေကြသည်။
စစ်အုပ်စုကမူ ခရီးသည်များစိတ်ချမ်းသာစွာ သွားလာရေးနှင့်ကုန်စည်စီးဆင်းမှု လွယ်ကူစေရန် ဌာနဆိုင်ရာနှင့်တပ်ဖွဲ့ဝင်များ စုပေါင်းပြီး တံတားကျိုးစုပေါင်းစစ်ဆေးရေးစခန်းတွင် ကူညီစစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်ဟု ၎င်းထိန်းချုပ်ထားသည့်နိုင်ငံပိုင်မီဒီယာမှ ဆိုသည်။
ထို့အတူ အာရှလမ်းမကြီးပြန်ဖွင့်ပြီး မနက်ပိုင်းမှ ညနေ(၄)နာရီအထိ ခရီးသည်တင်မော်တော်ယာဥ် (၂၂၃)စီးအပါအဝင် ကုန်တင်မော်တော်ယာဥ် စုစုပေါင်း ယာဥ်အစီးရေ (၅၀၀)ကျော် လမ်းအသုံးပြုသွားလာခဲ့ကြကြောင်းလည်း ကရင်ပြည်နယ်စစ်အုပ်စုက ဖော်ပြသည်။



















