ဧပြီ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၄) နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆော(ဘုတ်ပြင်း)မြို့နယ်၊ ဘိုဒါးရွာအခြေစိုက် စစ်အုပ်စုတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ဧပြီလ (၂၄) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်လိုက်နိုင်ကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။
ယနေ့ ဧပြီ(၂၅)ရက်နေ့စွဲဖြင့် ကေအဲန်ယူ တပ်မဟာ(၄)၏ထုတ်ပြန်ချက်အရ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အဆိုပါဘိုဒါးရွာအတွင်း စစ်အုပ်စုတပ်စွဲနေသည်မှာ (၂)နှစ်ကျော်ကြာရှိပြီဖြစ်ကြောင်း သိရသည်။
၎င်းစခန်းအား KNLA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၂၀၃) နှင့် တနင်္သာရီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းပြီး ဧပြီလ (၂၀) ရက်နေ့မှစတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ညနေ(၃)နာရီတွင် ဘိုဒါးစခန်းရှိစစ်အုပ်စုတပ်ဖွဲ့များအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားပြီးနောက် KNLA နှင့်ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်လိုက်နိုင်ခြင်း ဖြစ်ကြောင်း ကေအဲန်ယူကပြောသည်။

တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် SSTF Drone Force ကလည်း ပြီးခဲ့သည့် ဧပြီလ(၂၁)ရက်နေ့က ဘိုဒါးစခန်းကို စတင်တိုက်ခိုက်သည့်အခြေအနေနှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းရှိခဲ့သည်။
KNLA နှင့် ပူးပေါင်းတပ်များက ဧပြီ(၂၀)ရက်နေ့နှင့်(၂၁)ရက်နေ့တို့တွင် အဆိုပါစခန်းသို့ ဒရုန်းဗုံး(၁၃)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၂)ဦးသေဆုံး၊ (၂)ဦးထိခိုက်မှုရှိခဲ့ကြောင်း SSTF ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့အတူ ဘန်ကာနှင့်စစ်အုပ်စုရိက္ခာသိုလှောင်ရာနေရာများကိုပါ ဖျက်ဆီးပစ်နိုင်ခဲ့သည်ဟု SSTF က ပြောသည်။
အလားတူ ဒေသတွင်းသတင်းမီဒီယာအချို့တွင်ဖော်ပြချက်အရ ဘုတ်ပြင်းမြို့နယ်အတွင်း ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှ ဧပြီလဆန်းပိုင်းအထိ ဘိုဒါးရွာပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းဗုံးတိုက်ခိုက်များလုပ်ဆောင်ခဲ့သေးကြောင်း သိရသည်။



















