ဧပြီ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
နိုင်ငံလုံခြုံရေး၊ ဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသောအကြောင်းအရာများကို ရေးသားလွှင့်တင်သည်ဟုဆိုကာ ချင်းသတင်းဌာန(Chin World)၊ Khonumthung Media နှင့် မျက်မှောက်ခေတ်သတင်းဌာနတို့ကို စစ်အုပ်စုက သတင်းထုတ်ဝေခွင့်လိုင်စင် ရုတ်သိမ်းကြောင်း ကြေညာသည်။
ယနေ့ ဧပြီ(၂၄)ရက်ဖြင့်ထွက်ရှိလာသည့် စစ်အုပ်စု၏ကြေညာချက်တွင် ၎င်းမီဒီယာ(၃)ခု၏ သတင်းထုတ်ဝေခွင့်လိုင်စင်များကို ဧပြီလ(၉)ရက်နေ့မှစ၍ စတင်ရုတ်သိမ်းလိုက်ခြင်းဖြစ်ပြီး မည်သည့်မီဒီယာ၊ နည်းပညာကိုမဆို အသုံးပြု၊ ရေးသားဖော်ပြခြင်း မပြုလုပ်ရဟုလည်း စစ်အုပ်စုက ပိတ်ပင်ထားသည်။
“သတင်းမီဒီယာတွေကိုထိန်းချုပ်ချင်တာပေါ့။ ပြီးခဲ့တဲ့နှစ်ကမှတ်ပုံတင်ထားတာကို Renew လုပ်ဖို့ သူတို့(စစ်အုပ်စု)ဘက်က စာနဲ့အကြောင်းကြားထားတာရှိတယ်။ ကျနော်တို့ဘက်က ဆက်ပြီးမှတ်ပုံတင်ဖို့ အခြေအနေမပေးတော့ လျစ်လျူရှုထားလိုက်တာ။ သူတို့ထိန်းချုပ်မှုအောက်မှာမရှိတော့တဲ့အခါ ရတဲ့နည်းနဲ့ပြန်ပြီးလုပ်တာပေါ့။” ဟု Khonumthung အယ်ဒီတာချုပ် ကိုစန်သဲက ပြောသည်။
၂၀၂၁ ခုနှစ် စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်သတင်းမီဒီယာလွတ်လပ်စွာ စီးဆင်းခွင့်၊ သတင်းရယူပိုင်ခွင့်အပေါ် ပိတ်ပင်မှုများ စစ်အုပ်စုက အများအပြား လုပ်ဆောင်ခဲ့သည်။
ထိုအထဲတွင် သတင်းထုတ်ဝေခွင့်လိုင်စင် ရုတ်သိမ်းခံရခြင်းအပြင် ဆက်သွယ်ရေးပုဒ်မ၊ ဆူပူအောင်လှုံ့ဆော်မှုပုဒ်မများဖြင့် အမျိုးမျိုးခေါင်းစဥ်တပ်၍ ဖမ်းဆီးထောင်ချခံရခြင်းခံရသည့် သတင်းသမားများလည်း ပါဝင်သည်။ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM ၏ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ်ဆန်းပိုင်းအထိ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းခံရသည့် သတင်းသမား(၁၁)ဦးအထိ ရှိခဲ့သည်။

IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က “မင်းအောင်လှိုင် ဗိုလ်ချုပ်ကြီးဘဝကမထွက်ခင်မှာလည်း သတင်းတုံ့ပြန်ရေးကော်မတီဆိုပြီးဖွဲ့၊ ကာကွယ်ရေးအောက်မှာထည့်သွားတယ်။ ဆိုလိုတာ မီဒီယာကို လုံခြုံရေးအမြင်နဲ့စစ်တပ်အုပ်ချုပ်မှုအောက် ထည့်ခဲ့တာ။ ကျနော်ထင်တာတော့ မီဒီယာကိုတင်းတင်းကြပ်ကြပ်ကိုင်မယ်။ အထူးသဖြင့် နယ်မြေဆုံးရှုံးထားတဲ့တိုင်းရင်းသားနယ်မြေက မီဒီယာကို ပိုကိုင်တွယ်မယ့်သဘောရှိတယ်” ဟု ကေအိုင်စီကို ပြောသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထုတ်ဝေခွင့်လိုင်စင်ရုတ်သိမ်းခံခဲ့ရသည့် သတင်းဌာန(၁၅)ခုရှိကြောင်း IPCM က ပြောသည်။
ထိုအထဲတွင် Mizzima၊ DVB၊ ခေတ်သစ်မီဒီယာနှင့် Myanmar Now တို့လို သတင်းဌာနကြီးများက အာဏာသိမ်းပြီးပြီးချင်း လိုင်စင်ရုတ်သိမ်းခံခဲ့ရသလို ထိုနောက်ပိုင်း မြစ်ကြီးနားသတင်းဂျာနယ်၊ Delta News Agency ကဲ့သို့ ဒေသအခြေစိုက်မီဒီယာများ၌ စစ်အုပ်စု၏ သတင်းစီးဆင်းမှုအပေါ် ဖိနှိပ်ခံရခြင်းများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ထို့အတူ ၂၀၂၅ ဇန်နဝါရီအထိ သတင်းသမား(၇)ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး ထောင်အတွင်းအကျဥ်းကျခံနေရသူ (၄၃) ရှိကြောင်းလည်း IPCM စာရင်းအရ သိရသည်။




















