Home သတင်း ထိုင်းသင်္ကြန် နှစ်ရက်အတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့

ထိုင်းသင်္ကြန် နှစ်ရက်အတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့

488
Photo: Bangkok Posts

ဧပြီ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၏ ဆုန်ခရန် (Songkran) သင်္ကြန်ပွဲတော်ကာလ ပထမနှစ်ရက်အတွင်း နိုင်ငံတစ်ဝန်း၌ ယာဉ်မတော်တဆမှုပေါင်း ၃၄၀ ကျော် ဖြစ်ပွားခဲ့ရာ လူ (၇၁)ဦး သေဆုံးပြီး (၃၀၀) ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဧပြီလ (၁၁) ရက်နှင့် (၁၂) ရက်နေ့တို့တွင် ယာဉ်မတော်တဆမှု စုစုပေါင်း ၃၄၄ မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဧပြီ(၁၁)ရက်နေ့တစ်ရက်တည်းပင် ဖြစ်စဉ် ၂၀၈ မှုအထိ ရှိခဲ့ရာ လူ(၅၀)ဦး သေဆုံးခဲ့သည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းရေးမှူး Sophon Iamsirithaworn က ပြောသည်။

ထိုင်းနိုင်ငံ၊ နန်( Nan)နှင့် လန်ပန်း (Lampang) ခရိုင်တို့တွင် ယာဉ်မတော်တဆမှု (၁၇) မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ အများဆုံးခရိုင်များတွင် ပါဝင်ခဲ့သည်။ ထို့အပြင် ပရာချင်ဘူရီ (Prachin Buri) နှင့် ဖိစနုလောက်( Phitsanulok) ခရိုင်တို့တွင် (၄) ဦးစီ သေဆုံးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းများမှာ အမြန်နှုန်းကျော်လွန်မောင်းနှင်ခြင်း၊ အရက်သောက်ပြီး မောင်းနှင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။

ထိုင်းသင်္ကြန်ကာလအတွင်း ထိုင်းအစိုးရက သင်္ကြန်ရေကစားမည့်နေရာများ၌ လုံခြုံရေး တင်းကြပ်ရန်နှင့် အသက် ၂၀ အောက် လူငယ်များကို အရက်ရောင်းချခြင်း မပြုရန် ညွှန်ကြားထားခြင်းရှိသည်။ ရပ်ရွာအခြေပြု စစ်ဆေးရေးဂိတ်များမှတစ်ဆင့် မူးယစ်မောင်းနှင်သူများကိုလည်း တားဆီးစစ်ဆေးနေသည်။

ထိုင်းနိုင်ငံတွင် နှစ်စဉ် သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုများကြောင့် သေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပွားလေ့ရှိသဖြင့် ထိုင်းအစိုးရက အန္တရာယ်ရှိသော ခုနစ်ရက် (Seven Dangerous Days) အဖြစ် သတ်မှတ်ကာ လုံခြုံရေးနှင့် သတိပေးချက်များ တိုးမြှင့်သတိပေးလေ့ရှိသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကလည်းး ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း (၁,၅၃၈)ကြိမ်ဖြစ်ပွားခဲ့သည်။ ထိုအထဲတွင် သေဆုံးသူ (၂၅၃)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၁,၄၉၅)ဦး ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ လမ်းအန္တရာယ်ကင်းရှင်းရေးစင်တာ (The Road Safety Operation Centre)၏ထုတ်ပြန်ချက်အရ သိရသည်။