ဧပြီ (၁၇)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ယနေ့ (ဧပြီ ၁၇ ရက်)မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဥ်းသားများလွှတ်ပေးသည့်စာရင်းတွင် စစ်အုပ်စုအာဏာသိမ်းပြီးပြီးချင်း ဖမ်းဆီးချုပ်နှောင်ခံလိုက်ရသည့် သမ္မတ ဦးဝင်းမြင့် ပါဝင်လာကြောင်း လူမှုကွန်ရက်ပေါ်တွင် သတင်းများထွက်ပေါ်နေသည်။
အဂတိလိုက်စားမှု(၄)မှု၊ ပုဒ်မ(၁၃၀)ကဖြင့် စစ်အုပ်စု၏ ထောင်ဒဏ်(၉)နှစ်(၆)လ ချမှတ်ခြင်းခံရသူ သမ္မတဦးဝင်းမြင့်အား ပြစ်ဒဏ်လျှော့ပေါ့၊ လွတ်ငြိမ်းခွင့်ပေးပြီး မိသားစုထံပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်အုပ်စုကိုထောက်ခံသည့် မီဒီယာများတွင် ဖော်ပြသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဖြစ်လဲ သမ္မတရာထူးအရယူထားသည့် မင်းအောင်လှိုင်က ယနေ့မနက်ပိုင်းတွင် နိုင်ငံတစ်ဝှမ်းရှိအကျဥ်းထောင်အသီးသီးမှ အကျဥ်းကျခံနေရသူ(၄,၃၃၅)ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ကြေညာခဲ့သည်။
နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျုးလွန်ပါက ၎င်းအပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဖြစ်ကြောင်း စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပေးလိုက်ခြင်းဖြစ်ပြီး နိုင်ငံအချင်းချင်း မိတ်မပျက်စေရန်ဟုဆိုကာ နိုင်ငံခြားသား အကျဥ်းသား၊ အကျဥ်းသူ(၁၇၉)ဦးလည်း လွတ်ငြိမ်းခွင့်တွင် ပါဝင်လာသည်။
ထို့အပြင် နှစ်ဆန်းတစ်ရက်နေ့မတိုင်ခင် သေဒဏ်ချခံရသူများကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ ထောင်တစ်သက်ချမှတ်ခံရသူများကို ထောင်သက်အနှစ်(၄၀)၊ (၄၀)နှစ်အထက်များကို ထောင်ဒဏ်(၄၀)နှစ်နှင့် (၄၀)နှစ်အောက်ကို ကျခံရန်ကျန်ရှိသော ပြစ်ဒဏ် (၆)ပုံ(၁)ပုံ သို့ လျှော့ချခဲ့ခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်ကလွတ်ငြိမ်းခွင့်ပေးသည့်စာရင်းတွင် နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသားအရေအတွက် မည်မျှပါဝင်ကြောင်း အကျဥ်းသားအခွင့်အရေး၊ အကျဥ်းထောင်အရေး လေ့လာစောင့်ကြည့်နေသည့်အဖွဲ့များထံ ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။
အာဏာမသိမ်းခင် အစိုးရများနည်းတူ စစ်ခေါင်းဆောင်က နေ့ထူးနေ့မြတ်များတွင် လွတ်ငြိမ်းချမ်းသာခွင့်များပေးလေ့ရှိသည့်အနက် နိုင်ငံရေးအမှုဖြင့်အကျဥ်းကျပုဂ္ဂိုလ်များ ပါဝင်မှုနည်းပါးနေဆဲဖြစ်သည်။ ထို့ကြောင့် စစ်အုပ်စုလုပ်ရပ်က ဟန်ပြလွတ်ငြိမ်းခွင့်ပေးခြင်းသာဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ဝေဖန်ပြောဆိုခြင်းရှိသည်။



















