Home သတင်း လွတ်ငြိမ်းခွင့်ရသူများအနက် နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသား ၁၆၅ ဦးသာပါဝင်နေသေး

လွတ်ငြိမ်းခွင့်ရသူများအနက် နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသား ၁၆၅ ဦးသာပါဝင်နေသေး

366
Photo: AAMIJ, Getty Images

ဧပြီ (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အမိန့်အရ ယနေ့ ဧပြီ(၁၇)ရက်နေ့တွင် အကျဥ်းထောင်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများအနက် နိုင်ငံရေး အကျဥ်းသူ၊ အကျဥ်းသား (၁၆၅)ဦးသာ ပါဝင်နေသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်-PPNM က ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်က နှစ်ဆန်းတစ်ရက်နေ့ မနက်ပိုင်း၊ နိုင်ငံတစ်ဝှမ်းရှိအကျဥ်းထောင်များအတွင်း အကျဥ်းကျခံနေရသူ (၄,၃၃၅)ဦးကို လွတ်ငြိမ်းခွင့်ပေးကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ PPNM ၏ ယနေ့မွန်းလွဲပိုင်းအထိ စာရင်းအရ လွတ်မြောက်လာသူ (၅၀၀)ကျော်သာရှိသေးပြီး ထိုအထဲတွင် နိုင်ငံရေးအမှုဖြင့် အကျဥ်းချခံထားရသူ (၁၆၅)ဦး ပါဝင်သည်ဟု ဆိုသည်။

၎င်းတွင် ပုသိမ်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား(၅)ဦး၊ ကျိုက်မရောအကျဥ်းထောင်မှ အကျဥ်းသား(၁)ဦးအပါအဝင် နိုင်ငံရေးအကျဥ်းသားစုစုပေါင်း(၁၂၁)ဦးဖြစ်ပြီး အကျဥ်းသူ(၃၉)ဦး ပါဝင်သည်။ ထို့အပြင် ပြည်သူရွေးကောက်တင်မြှောက်ခံ သမ္မတ ဦးဝင်းမြင့်အား ကျခံရန်ကျန်ရှိသည့်ထောင်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်းလည်း စစ်အုပ်စုကထုတ်ပြန်သည်။

“နှစ်ဆန်းတစ်ရက်နေ့မှာ မင်းအောင်လှိုင်က သမ္မတဆိုတဲ့ခေါင်းစဥ်အောက်ကနေ လွတ်ငြိမ်းခွင့်ပေးတဲ့အထဲမှာ လူသိများတဲ့ပုဂ္ဂိုလ်တွေပါဝင်လိမ့်မယ်ဆိုတာ ကျနော်တို့မျှော်လင့်ထားပြီးသားပါ။ ဒါကြောင့်လည်း Blue Shirt ကမ်ပိန်းကနေ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး ခြွင်းချက်မရှိလွတ်မြောက်ဖို့ တောင်းဆိုတာ” ဟု PPNM ပြောခွင့်ရ ကိုသိုက်ထွန်းဦးက ပြောသည်။

Photo: AAMIJ, Getty Images

သမ္မတဦးဝင်းမြင့်အပြင် အာဏာသိမ်းပြီးပြီးချင်း ဖမ်းဆီးအကျဥ်းချခံလိုက်ရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျခံရန်ကျန်ရှိသည့်ထောင်ဒဏ်အနှစ် ၂၀ ကျော်မှ ခြောက်ပုံတစ်ပုံ-(၄)နှစ်ခွဲသာ လျှော့ပေါ့ပေးခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

စစ်အုပ်စုအာဏာသိမ်းထားသည့်ကာလအတွင်း ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့ကဲ့သို့ နေ့ထူးနေ့မြတ်များတွင် အကျဥ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အကြိမ်ကြိမ်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသား ပါဝင်မှုနည်းပါးလွန်းသည်ဟု နိုင်ကျဥ်းအရေးတက်ကြွလှုပ်ရှား အသိုင်းအဝိုင်းက ဆိုကြသည်။

ထို့အပြင် နိုင်ငံရေးအမှုဖြင့်ဖမ်းဆီးခံရသူ (၃၀,၀၀၀)ကျော်တွင် ထောင်တွင်းအကျဥ်းချခံနေရသူ (၂၀,၀၀၀)ကျော်ရှိနေကြောင်းလည်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း-AAPP က ယခု ဧပြီ(၁၀)ရက်နေ့တွင် ထုတ်ပြန်ထားသည်။