Home သတင်း လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရေး ထိရောက်စွာ ကာကွယ်တားဆီးရန် နိုင်ငံတကာကို KNU တိုက်တွန်း

လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရေး ထိရောက်စွာ ကာကွယ်တားဆီးရန် နိုင်ငံတကာကို KNU တိုက်တွန်း

308
Photo: KPSN

ဧပြီ (၁၈)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေမှ အရပ်သားပြည်သူပစ်မှတ်ထား စစ်အုပ်စု၏လေကြောင်းအသုံးပြုတိုက်ခိုက်မှုများကို ရပ်တန့်ရေး ထိရောက်သည့် ကာကွယ်တားဆီးမှုများ လုပ်ဆောင်ရန် အာဆီယံနှင့်နိုင်ငံတကာကို ကေအဲန်ယူက ယနေ့ ဧပြီ(၁၈)ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းသည်။

ပြီးခဲ့သည့်ဧပြီဒုတိယအပတ်အတွင်း ကေအဲန်ယူ၏မူတြော်(ဖာပွန်)ခရိုင်နယ်မြေရှိ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနှင့် အရပ်သားနေထိုင်ရာကျေးရွာသို့ စစ်အုပ်စုက လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သည်။

ထုတ်ပြန်ချက်တွင် ပြည်သူအများ ကျန်းမာရေးပညာရေး လက်လှမ်းမီနိုင်မှုကို ဖျက်ဆီးသော စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုအပေါ် စစ်ရာဇဝတ်မှုအဖြစ် ကေအဲန်ယူက ရှုတ်ချထားပြီး ကာကွယ်တားဆီးမှုများ ထိထိရောက်ရောက်လုပ်ဖို့ အာဆီယံနှင့်နိုင်ငံတကာကို တိုက်တွန်းသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအနေဖြင့် စိုးရိမ်ပူပန်နေခြင်းထက် စစ်အုပ်စုကို လက်တွေ့ကျကျအရေးယူရန် ကေအဲန်ယူထုတ်ပြန်ချက်က ဖော်ပြသလို နှုတ်ဆိတ်နေခြင်းသည်လည်း ရာဇဝတ်မှုများ ပိုကျုးလွန်နိုင်ဖို့ အားပေးရာရောက်သည်ဟု တဆက်တည်းဆိုသည်။

ပြီးခဲ့သည့် ဧပြီ(၁၂)ရက်နေ့က ပေါင်(၅၀၀)ဗုံးကြဲချတိုက်ခိုက်မှုကြောင့် မူတြော်ခရိုင်၊ ဦးမယ်ထာဆေးရုံ အဆောက်အအုံများပျက်စီးပြီး ဆေးကုသမှုခံယူနေသူများ ဒဏ်ရာရခြင်းရှိခဲ့သည်။ ဧပြီလ(၁၄)ရက်နေ့က ဂျက်ဖိုက်တာ ဗုံးကြဲတိုက်ခိုက်မှုတွင်လည်း မူတြော်ဂျူနီယာကောလိပ်၏ အဆောက်အဦးများပျက်စီးခဲ့ကြောင်း ကေအဲန်ယူအပါအဝင် ဒေသတွင်း ပညာရေး၊ စစ်ရှောင်အရေး လုပ်ဆောင်နေသည့် ကရင်အရပ်ဖက်အဖွဲ့များက အခိုင်အမာဆိုသည်။

Photo: KPSN

ထို့အတူ လူသောမြို့နယ်၊ ခဲပါထရွာသို့ ဧပြီ(၁၅) ရက်နေ့က လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ခြင်းကြောင့် ခရစ်ယာန်ဘုရားရှစ်ခိုးဆောင်နေရာများနှင့် ရွာရှိနေအိမ်(၂၁)လုံး ပျက်စီးခဲ့သည်။ ထိုဖြစ်စဥ်အတွင်း အရပ်သား(၄)ဦးထက်မနည်း သေဆုံးပြီး (၁၀)ဦးထိခိုက်ဒဏ်ရာရသွားကြောင်းလည်း သိရသည်။

စစ်အုပ်စု၏လုပ်ရပ်သည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေကိုချိုးဖောက်ခြင်းဖြစ်ပြီး လူထုအကာအကွယ်ပေးရေး အခြေခံအခွင့်အရေးအပေါ် ဖောက်ဖျက်ကျူးလွန်ခြင်း ဖြစ်သည်ဟု ကေအဲန်ယူက ဆိုသည်။

လက်နက်အထောက်အပံ့နှင့် လေယာဥ်ဆီလမ်းကြောင်းပိတ်ဆို့ရေး တက်ကြွလှုပ်ရှားလျက်ရှိသည့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု-BMC အဖွဲ့၏ မှတ်တမ်းအရ စစ်အုပ်စုအာဏာသိမ်း(၅)နှစ်ကျော်အတွင်း ‌နိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုစုစုပေါင်း(၆,၀၀၀)ကျော်ဖြစ်ပွားခဲ့ပြီး ပြည်သူ(၄,၀၀၀)ကျော်သေဆုံးခဲ့သည်။

အလားတူ စစ်အုပ်စု၏ လေယာဥ်အသုံးပြုရာဇဝတ်မှုများမှာ နိုင်ငံတကာအသိုင်းအဝိုင်းကြား အရေးယူပိတ်ဆို့မှု ထိထိရောက်ရောက်မရှိခြင်းကြောင့် ဖြစ်သည်ဟုလည်း BMC က ထောက်ပြထားသည်။