ဧပြီလ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို စစ်အုပ်စုက ပြန်လည်ဖွင့်လှစ်ပေး ခဲ့သော်လည်း လမ်းပိုင်းတစ်လျှောက် စစ်ရေးတင်းမာမှုများ ဆက်ရှိနေခြင်းနှင့် စစ်အုပ်စု၏ စစ်ဆေးရေး တင်းကြပ်မှုများကြောင့် ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများ လုံခြုံရေး လုံခြုံရေး စိုးရိမ်ပူပန်နေကြကြောင်း ခရီးသွားသူနှင့် ယာဉ်မောင်းများက ပြောသည်။
အဆိုပါ အာရှလမ်းမကြီးကို ယခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ တောင်ပေါ်လမ်းပိုင်းရှိ အချို့နေရာများတွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သလို ကော့ကရိတ်မြို့အနီးနှင့် တောင်ကြားဒေသများတွင်လည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ လှုပ်ရှား နေဆဲဖြစ်သဖြင့် တိုက်ပွဲများ အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သည့် အခြေအနေရှိနေကြောင်း ဒေသခံများက ပြောသည်။
“အခုအာရှလမ်းမအနီးမှာ တိုက်ပွဲတွေက ဆက်ရှိနေသေးတယ်။ အောက်ဘိုတဲတို့ဘက်မှာ သူတို့ လက်နက်ကြီးတွေ ချနေတာမျိုးရှိတော့ စိုးရိမ်ရတာပေါ့။ ကားသမားတွေကလည်း ဒီလမ်းကပြန်ရင် ဘယ်တော့ အပစ်ခံရမလဲဆိုတာမျိုး စိုးရိမ်နေကြရတယ်” ဟု ခရီးသွားလာသူ စောအတာက ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် လမ်းခရီးတစ်လျှောက်တွင် စစ်အုပ်စုဘက်က လုံခြုံရေးအင်အား တိုးမြှင့်ချထားပြီး စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင်နှင့် ထောက်ခံစာများကို အသေးစိတ် စစ်ဆေးနေသည့်အပြင် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို ဖမ်းဆီးမည်ကို စိုးရိမ်ရသဖြင့် ယာဉ်မောင်းအချို့မှာ လူငယ်များကို တင်ဆောင်ရန် မဝံ့မရဲဖြစ်နေကြောင်း ခရီးသွားများက ဆိုသည်။
ခရီးသည်တင်ယာဉ်မောင်း တစ်ဦးဖြစ်သူ တူးတူးက “ဒီနေရာက အချိန်မရွေး Red Zone (စစ်မက်ဇုန်) ဖြစ်သွားနိုင်တော့ ကားတွေ ဘာတွေ မရပ်ရဲဘူး။ စစ်တပ်က တောင်ပေါ်မှာ စခန်းချထားတာတွေ၊ လှိုဏ်ဂူတွေထဲမှာ အမာခံလုပ်ပြီး နေနေတာတွေ ရှိတော့ စိတ်ထဲမှာ မလုံခြုံဘူးလို့ ခံစားရတယ်။ အဲ့ဒါကြောင့် ညပိုင်းဆို မသွားတော့ဘူး။ အဝရောက်မှပဲ ကားရပ်ရဲတော့တယ်” ဟု ပြောသည်။
ယခု ပြန်လည်ဖွင့်လှစ်လိုက်သည့် အာရှလမ်းမကြီးသည် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းမကြီးဖြစ်သည်။ ၂၀၂၃ ခုနှစ်ကတည်းက တိုက်ပွဲများကြောင့် လမ်းပိတ်ထားခဲ့ရာမှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် စစ်အုပ်စုက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ ခြင်းဖြစ်သည်။
လမ်းပိတ်ထားစဉ်ကာလအတွင်း ခရီးသွားပြည်သူများအနေဖြင့် ကြက်ဥတောင်လမ်း၊ ထို့ကော်ကိုးလမ်းနှင့် ဒေါနတောင်ပေါ် လမ်းဟောင်းများကို အစားထိုး အသုံးပြုခဲ့ကြရသည်။ ယခု လမ်းမကြီး ပြန်ဖွင့်လှစ်ထားသော်လည်း ကေအဲန်ယူဘက်က အဆိုပါလမ်းကြောင်းသည် စစ်မက်ဇုန်အတွင်း ဆက်လက်ရှိနေကြောင်း သတိပေးပြောဆိုထားမှုများ ရှိနေသည်။



















