ဧပြီ (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာပြည်အရှေ့တောင်ပိုင်းဒေသ ကရင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၂)ခုတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီမှမတ်လအထိ စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၄၂၃)ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာအင်တာနက်ပရောဂျက်-MIP က ယနေ့ ဧပြီ(၂၀)ရက် ထုတ်ပြန်သည့်အစီရင်ခံစာအရ သိရသည်။
ဒေသတွင်းဆက်သွယ်ရေးဖြတ်တောက်ခံရမှု အခြေအနေများကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် MIP ၏အစီရင်ခံစာအရ ဒေသ(၁၂)ခုအနက် (၉၆)ရာခိုင်နှုန်းခန့်မှာ အင်တာနက်ဖြတ်တောက်ခံထားရသောနေရာများ ဖြစ်ပြီး (၄၀၆)ကြိမ် လေကြောင်းတိုက်ခိုက်ခံခဲ့ရသည်ဟု ဆိုသည်။
“စစ်အုပ်စုက ပဋိပက္ခမြင့်မားတဲ့ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်လုပ်နေပါတယ်။ ဒီလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တဲ့အခါ အင်တာနက်ဖြတ်တောက်မှုတွေကိုလည်း ထင်ထင်ရှားရှားတွေ့ရပါတယ်။ သတင်းစီးဆင်းမှုကို ဖြတ်တောက်ပြီး တိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူများ ထိခိုက်ဆုံးရှုံးမှု အလွန်မြင့်တက်နေပါတယ်”ဟု MIP တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့်(၃)လအတွင်း ကရင်ပြည်နယ်တွင် (၁၈)ကြိမ်၊ တနင်္သာရီတိုင်းတွင် (၂၇)ကြိမ်၊ ပဲခူးတိုင်းတွင် (၁၀)ကြိမ်၊ မွန်ပြည်နယ်တွင် (၃)ကြိမ် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး မြန်မာပြည်အလယ်ပိုင်းဒေသ စစ်ကိုင်းတိုင်းလိုနေရာမျိုး၌ (၁၉၆)ကြိမ်ဖြင့် အများဆုံးတိုက်ခိုက်ခံရခြင်းဖြစ်သည်။

ယင်းကြောင့် အမျိုးသမီးနှင့်ကလေးသူငယ်(၁၅၀)ထက်မနည်း အပါအဝင် စုစုပေါင်း(၇၂၈)ဦးသေဆုံးခဲ့ကြောင်း MIP ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့အပြင် ဆက်သွယ်မှုဖြတ်တောက်ခံရသည့်ဒေသနေ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်မှာ အန္တရာယ်အရှိဆုံးအခြေအနေဖြစ်သည်ဟု MIP က ဆိုသည်။
စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုများမှာ မြန်မာပြည်တောင်ပိုင်းရှိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ဒေသများတွင် မတ်လနောက်ပိုင်းလည်း ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေသည်။
လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး လှုပ်ရှားဆောင်ရွက်နေသည့် ကရင်အရပ်ဖက်အဖွဲ့များ၏ ယခုဧပြီလအတွင်း ထုတ်ပြန်ချက်အရ ဖာပွန်ခရိုင်တစ်ခုတည်းတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအကြိမ်ရေ (၅၀)ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား(၄)ဦးထက်မနည်းသေဆုံး၍ (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။



















