Home သတင်း သံလွင်မြစ်အနီး ဦးမယ်ထာတွင် စစ်အုပ်စုဗုံးကြဲ၍ ထိုင်းနယ်နမိတ်ရှိလူထုများ တိမ်းရှောင်

သံလွင်မြစ်အနီး ဦးမယ်ထာတွင် စစ်အုပ်စုဗုံးကြဲ၍ ထိုင်းနယ်နမိတ်ရှိလူထုများ တိမ်းရှောင်

397
Photo: The Reporter

ဧပြီ (၂၀) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင် ဘူးသိုမြို့နယ် သံလွင်မြစ်ဘေးရှိ ဦးမယ်ထာကျေးရွာတွင် ယနေ့ ဧပြီ(၂၀)ရက်နေ့မနက်ပိုင်းက စစ်အုပ်စုလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံ၊ သောလယ်ထာ့(မယ့်စန်လက်)ရှိ ရွာသားများတိမ်းရှောင်နေရသည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဦးမယ်ထာ ဆေးပေးခန်းအနီးဝန်းကျင်ကို ယနေ့ နံနက်(၁၁)နာရီဝန်းကျင်က လေယာဉ်ဖြင့် ဗုံး(၉)လုံး ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ပြီး တစ်ဖက်ထိုင်းနိုင်ငံ သောလယ်ထာ့ရှိ လူထုများစိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

နယ်စပ်နှင့်နီးနီးကပ်ကပ် ဗုံးကျရောက်ခြင်းဖြစ်၍ လူထုအန္တရာယ်ရှိနိုင်သောကြောင့် သံလွင်မြစ်နံဘေး၊ တဖက်ခြမ်းထိုင်းနိုင်ငံနေထိုင်သူများ လုံခြုံရာရွှေ့ပြောင်းကြရန် သောလယ်ထ ကျေးရွာတာဝန်ရှိသူများက အသံချဲ့စက်ဖြင့်သတိပေးခြင်းရှိကြောင်းလည်း ထိုင်းသတင်းဌာနများ ဖော်ပြသည်။

ထို့အပြင် စစ်အုပ်စုကြဲချခဲ့သည့် ဗုံး(၉)လုံးအနက် တစ်လုံးမှာ ထိုင်းနိုင်ငံဘက် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တချို့က ပြောသည်။

”ထိုင်းဘက်တစ်လုံးကျတာဟုတ်တယ်။ ကမ်းနားရေစပ်မှာပဲကျတော့ ကုန်းပေါ်မရောက်ဘူး။ ဦးမယ်ထာဘက်မှာက ဘုရားကျောင်းနားမှာ တစ်လုံး နှစ်လုံးကျတယ်။ ဆေးခန်းမှာလည်း လေးလုံး ငါးလုံးကျတယ်။” ဟု ကေအိုင်စီကို ပြောသည်။

Photo: The Reporter

သို့ရာတွင် ဗုံးအစအန မတွေ့ရသဖြင့် အတည်မပြုနိုင်သေးဟု ထိုင်းအာဏာပိုင်များပြောကြားချက်ကို ထိုင်းသတင်းဌာနများက ဖော်ပြသည်။

အဆိုပါဦးမယ်ထာရွာသို့ ပြီးခဲ့သည့် ဧပြီလ(၁၂)ရက်နေ့ကလည်း စစ်အုပ်စုကလေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံးကြဲချတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သေးသည်။ ဦးမယ်ထာဆေးရုံအဆောက်အအုံနေရာသို့ ဗုံးကျရောက်မှုကြောင့် ပျက်စီးမှုရှိသည့်အပြင် ဆေးကုသမှုခံယူနေသည့်လူနာများ ထိခိုက်ခဲ့ကြောင်း ကေအဲန်ယူအပါအဝင် ကရင်အရပ်ဖက်အဖွဲ့တချို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီဒုတိယအပတ်မှစ၍ မူတြော်ခရိုင်အတွင်း လူထုနေထိုင်သည့်နေရာများကို စစ်အုပ်စုက ဆက်တိုက်ဗုံးကြဲခဲ့သောကြောင့် လူနေအိမ်အပါအဝင် ဘာသာရေး၊ ကျန်းမာရေးနှင့်ပညာရေး အဆောက်အအုံများပျက်စီးပြီး အရပ်သားများထိခိုက်သေဆုံးမှုရှိခဲ့သည်။

စစ်အုပ်စု၏ဗုံးကြဲတိုက်ခိုက်မှု အရှိန်ဟုန်တိုးမြှင့်လုပ်ဆောင်နေခြင်းကို သတိပြုရမည်ဖြစ်ပြီး နိုင်ငံတကာအနေဖြင့် စစ်အုပ်စုကို တိုးမြှင့်ဖိအားပေးရန်လည်း ကရင်အရပ်ဖက်အဖွဲ့များက ယနေ့ ထုတ်ပြန်တောင်းဆိုထားသည်။