Home သတင်း ဝေါလေဗျူဟာကုန်းက လက်နက်ကြီးပစ်၍ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရ

ဝေါလေဗျူဟာကုန်းက လက်နက်ကြီးပစ်၍ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရ

355

ဧပြီ (၂၁)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေစစ်ဗျူဟာကုန်းမှ ပြီးခဲ့သည့် ဧပြီလ(၂၀)ရက်နေ့တွင် လက်နက်ကြီး(၄)လုံးပစ်ခတ်မှုကြောင့် ဝေါလေမြို့ပေါ်ရပ်ကွက်နေ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း မြို့မှစစ်ရှောင်လာသူများက ပြောသည်။

ပြီးခဲ့သည့် မတ်လ(၃၁)ရက်မှ စတင်ဖြစ်ပွားလျက်ရှိသော စစ်အုပ်စုဝေါလေဗျူဟာကုန်းကို ထိုးစစ်ဆင်နေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့်ပူးပေါင်းတပ်များ၏တိုက်ပွဲအတွင်း ဝေါ လေမြို့ဘက်သို့ စစ်အုပ်စုက ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

“တိုက်ပွဲစဖြစ်ကတည်းက စစ်တပ်က ဝေါလေဘက်ကို လက်နက်ကြီးပစ်နေတာ။ မနေ့ကတော့ ဝေါလေဘုန်းကြီးကျောင်းဘေးက ရပ်ကွက်ထဲကို အလုံးကြီးလေးလုံးကျတယ်။ အိမ်စောင့်ကျန်တဲ့လူနှစ်‌‌ယောက် အလုံးကြီးအစတွေထိကုန်တယ်” ဟု ထိုင်းနိုင်ငံဘက် စစ်ရှောင်နေရသည့် ဝေါလေမြို့ခံအမျိုးသမီးက ပြောသည်။

လက်နက်ကြီးကြောင့် ဒေသခံထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ်(၅)လုံးနှင့် အရပ်သားပြည်သူပိုင် မော်တော်ယာဥ်နှင့်ဈေးဆိုင်နေရာအချို့လည်း ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

Photo: CJ

တိုက်ပွဲအတွင်း ဝေါလေစစ်ဗျူဟာစခန်းကုန်း၏ ကာကင်းအချို့ကို KNLA နှင့်မဟာမိတ်တပ်က သိမ်းယူခဲ့ပြီး ပိတ်ဆို့မှုများလုပ်ဆောင်ထားသောကြောင့် ဗျူဟာကုန်းရှိစစ်အုပ်စုဘက်တွင် သောက်သုံး ရေပြတ်လတ်လျက်ရှိသည်ဟု တော်လှန်ရေးအင်အားစုဘက်က ဆိုသည်။ ထို့ကြောင့် ရေနှင့်ရိက္ခာအပြင် လက်နက်ခဲယမ်းအတွက် လေကြောင်းဖြင့်အားဖြည့် ခုခံနေကြောင်း သိရသည်။

ထို့အတူ ဝေါလေဗျူဟာကုန်းကိုလက်မလွှတ်ရရေး စစ်အုပ်စုက မြဝတီမြို့ဘက်မှစစ်ကူပို့ဆောင်ရန်နှင့် ဝေါလေလမ်းပိုင်းအားထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေပြီး ဖလူးနှင့်မင်းလက်ပံကျေးရွာဘက်သို့ စစ် ကြောင်းထိုးနေသည်။

၎င်းတို့ကို KNLA နှင့် မဟာမိတ်တပ်များက ဖြတ်တောက်တိုက်ခိုက်နေသလို ဧပြီလ (၁၈)ရက်နှင့်(၁၉)ရက်နေ့က နှစ်ဖက်တိုက်ပွဲတွင် စစ်အုပ်စုဘက်က အထိနာ၍ဆုတ်ခွာထားရသည့်အခြေအနေရှိကြောင်းလည်း တော်လှန်ရေးအင်အားစုထံမှ သိရသည်။