ဧပြီလ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖားအံ-မြဝတီ-ကော့ကရိတ်သို့ သွယ်တန်းထားသော အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်သော်လည်း လောင်စာဆီဈေးနှုန်း မြင့်တက်မှုနှင့် လမ်းခရီးစစ်ဆေးရေးဂိတ်များကြောင့် ခရီးတင်ဆောင်သည့် ယာဉ်စီးခ ဈေးနှုန်းများမှာ ကျဆင်းခြင်းမရှိသေးကြောင်း ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများထံမှ သိရသည်။
ယခင်က တိုက်ပွဲများကြောင့် ဒေါန တောင်လမ်းဟာင်း၊ ထို့ကော်ကိုးလမ်း၊ ၁၀၁၈ ကြက်ဥ တောင်လမ်းများကို အသုံးပြုခဲ့စဉ်က ခရီးသည်တစ်ဦးလျှင် ကျပ် ၁ သိန်း ၂ သောင်းမှ ၅ သောင်းအထိ ပေးဆောင်ခဲ့ရသည်။ လက်ရှိ အာရှလမ်းပိုင်းကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သော်လည်း ယာဉ်ခမှာ သိသိသာသာ လျော့ကျသွားခြင်းမရှိကြောင်း မြဝတီ-ဖားအံ ခရီးသွားတစ်ဦးက ယခုလို ပြောသည်။
“လမ်းကတော့ ပြန်ဖွင့်ပြီ ခရီးကလည်း အများကြီးတိုသွားတယ်။ ဒါပေမဲ့ ကားသမားတွေက ဈေးသိပ် မချပေးဘူး။ တစ်ယောက်ကို တစ်သိန်း ပုံမှန်တောင်းနေတုန်းပဲ။ အနည်းဆုံး ၁ သိန်း ၇သောင်းကြားမှာ ရှိနေတယ်။ လျှော့ပေးရင်တောင် ၃ သောင်းလောက်ပဲ လျှော့တာ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင် ဖားအံ-မြဝတီ လမ်းကြောင်း၌ ပြေးဆွဲနေသည့် ယာဉ်မောင်းများအနေဖြင့် လမ်းခရီး လမ်းကြောင်းတိုသွားသော်လည်း စက်သုံးဆီကို ပြင်ပဈေးကွက်မှ ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူနေရခြင်းနှင့် လမ်းခရီးတစ်လျှောက်ရှိ စစ်အုပ်စု၏ စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးများ ပေးဆောင်နေရခြင်းကြောင့် ဈေးနှုန်းကို သိသိသာသာ လျှော့ချရန် အခက်အခဲရှိကြောင်း ယာဥ်မောင်းများက ပြောသည်။
မြဝတီမှ ဖားအံသို့ပြေးဆွဲနေသည့် ယာဥ်မောင်းတစ်ဦးက ” ကားခက အနည်းဆုံး ၁ သိန်းလောက်တော့ ပေးရမယ်။ ဆီက အပြင်ဆီပဲ ဝယ်သုံးနေရတာ။ သွားတိုးရင်လည်း ၂ သောင်း၊ ၃ သောင်းဖိုးလောက်ပဲ ရတော့ ခရီးဝေးအတွက် အဆင်မပြေဘူး။ အဲဒါကြောင့် တစ်သိန်းလောက် ယူတာပေါ့နော်” ဟု ပြောသည်။
အဆိုပါ အာရှလမ်းပိုင်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင်လည်း မှတ်ပုံတင် စစ်ဆေးမှုများ တင်းကြပ်လျက်ရှိသည်။ ကရင်ပြည်နယ်အတွင်း ၃/ မှတ်ပုံတင် ကိုင်ဆောင်သူများအတွက် အခက်အခဲမရှိသော်လည်း ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးရှိ ၁၃/ နှင့် ၉/ မှတ်ပုံတင်ကိုင်ဆောင်ထားသူများကို သွားလာခွင့် ကန့်သတ်ထားမှုများ ရှိနေကြောင်း ခရီးသွားလာခဲ့သူများထံမှ သိရသည်။
လက်ရှိတွင် ဖားအံ-မြဝတီ သွားလာရာ၌ အာရှလမ်းမကြီးကို အဓိကထား အသုံးပြုနေကြသော်လည်း တချို့သော ကားသမားများမှာ လမ်းကြောင်းအခြေအနေပေါ် မူတည်၍ ကြက်ဥတောင်လမ်း၊ ထို့ကော်ကိုးလမ်းနှင့် လမ်းဟောင်းများကို အသုံးပြုနေဆဲဖြစ်သည်။ ၎င်းလမ်းပိုင်းများတွင် ခရီးသည်တစ်ဦးလျှင် အနည်းဆုံး ကျပ် ၁ သိန်း ၂ သောင်းမှ ၁ သိန်း ၅ သောင်းအထိ ဈေးရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။



















