Home ဆောင်းပါး ပေါ်လာတဲ့ အခင်းအကျင်းမှာ အချင်းချင်း မတိုးမိ မတိုက်မိကြစေဖို့

ပေါ်လာတဲ့ အခင်းအကျင်းမှာ အချင်းချင်း မတိုးမိ မတိုက်မိကြစေဖို့

601

ပေါ်လာတဲ့ အခင်းအကျင်းမှာ အချင်းချင်း မတိုးမိ မတိုက်မိကြစေဖို့

မောင်ကျော်စွာ

(၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ရက်)

မင်းအောင်လှိုင်စစ်အုပ်စုကတော့ “မလုပ်ရဲတာ ဘာမှမရှိ – ဘာမဆိုလုပ်ဝံ့တယ်” ဆိုတဲ့ ဗိုလ်ကျ အကြမ်းဖက် မှုနဲ့ သွေးခွဲလှည့်စားမှုကို လက်ရဲဇက်ရဲကျင့်သုံးပြီ “သမ္မတ – အစိုးရ – လွှတ်တော်”အဖြစ် အောင်ပွဲခံခဲ့ပြီ။

ဒီလို ခင်းကျင်းလာတဲ့ အနေအထားမှာ “ထန်းသီးကြွေခိုက် ကျီးနင်းခိုက်”လို့ ဆိုရမလား ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ဆိုတဲ့ စုဖွဲ့မှုနဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အစုအဖွဲ့ (PCB)တို့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ပေါ်ထွက်လာပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ကို ၁။အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တိုင်းရင်းသားလက်နက်ကိုင် တော်လှန် ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ ၃။ချင်းအမျိုးသားတပ်ဦး (CNF/CNA) ၄။ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ၅။ကရင် အမျိုးသားအစည်းအရုံး(KNU/KNLA) ၆။ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)တို့ ပါဝင်ဖွဲ့စည်းထားတာ ကို သတိပြုမိပါတယ်။

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့(PCB)မှာတော့ စိုင်းညွန့်လွင်၊ ဦးသာထွန်းလှ၊ ကိုမြအေး တို့ ရှေ့ဆောင်ရှေ့ရွက်ပြုနေကြဟန်တူပါတယ်။ (PCB)ရဲ့ ဦးတည်ချက် (၄)ရပ်ကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေး – ဖက်ဒရယ်ဒီမိုကရေစီကို အာမခံသည့် အခြေခံဥပဒေ ပေါ်ပေါက်ရေး – သက်ဆိုင်သူ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲပေါ်ပေါက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီကိုဖော်ဆောင်မည့် မိတ်ဖက်များ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဦးတည်ထားတာ တွေ့ရပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ဟာ မျက်မြင်အားဖြင့် တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၄)ဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ(CRPH)တို့နဲ့ စုဖွဲ့ထားတာ တွေ့ရပါတယ်။ ဒီလိုစုဖွဲ့ထားတာထဲမှာ (NCA) စာချုပ်နဲ့သော် လည်းကောင်း၊ နှစ်ဖွဲ့ချင်း(bilateral) ဆွေးနွေးမှုပြုကြဖူးတဲ့ အဖွဲ့အစည်းများကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(EAOs) ၄ဖွဲ့ပဲ ဖြစ်ပါတယ်။

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အစုအဖွဲ့(PCB)ကတော့ ပြည်တွင်းအခြေစိုက်ကြတဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့တွေလို့ ယေဘုယျအားဖြင့် ပြောရမှာပါ။ နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံတင်ခြင်းမပြုလို့ ဖျက်သိမ်းခြင်း ခံထားရတဲ့ တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီတွေလည်းဖြစ်ပါတယ်။

နိုင်ငံရေးအင်အားစုတွေက အဲဒီလို လက်တွေ့ပေါ်ပေါက်လာတဲ့ အခင်းအကျင်းတွေမှာ မိမိအနေအထားနဲ့ လိုက်လျောညီထွေရှိစေဖို့ ထိန်းညှိပြင်ဆင်လာကြပုံတွေထဲမှာ ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ(SNUC)၊ ရှမ်းနီအမျိုးသားတပ်မတော် (SNA) က ပေးပို့တဲ့ “ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွေ”ဟာ ထူးခြားပါတယ်။

ပထမထူးခြားချက်က ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ (SNUC) ဥက္ကဋ္ဌ စဝ်ခွန်းအောင်က မင်းအောင်လှိုင်ထံ လိပ်မူပြီး သဝဏ်လွှာပေးပို့တာနဲ့ စစ်ဦးစီးချုပ်၊ ဒုတိယဥက္ကဋ္ဌ(၁) စဝ်စိုင်းကမ်ကလည်း ကာချုပ်အ သစ် ရဲဝင်းဦးနဲ့ ဒုကာချုပ်သစ် ကျော်စွာလင်းတို့ထံ သဝဏ်လွှာပေးပို့တာဖြစ်ပါတယ်။

ဒုတိယထူးခြားချက်က ဒီသဝဏ်လွှာတွေမှာ ဖော်ပြထားတဲ့ အောက်ပါအချက် ၂ချက် ဖြစ်ပါတယ်။
– “ကျွန်ုပ်တို့ရှမ်းနီတိုင်းရင်းသားတို့၏ ရပ်တည်မှုနှင့် ပကတိအခြေအနေကို အသိအမှတ်ပြုပြီး ပြည်ထောင်စု၏ ထာဝရ အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်ဖော်ဆောင်နိုင်မည့် အခင်းအကျင်းကို သမ္မတကြီး၏ လက်ထက်တွင် အောင်မြင် စွာ မြင်တွေ့နိုင်မည်ဟု လေးနက်စွာ ယုံကြည်ပါသည်”။

(ဥက္ကဋ္ဌ စဝ်ခွန်းအောင်က မင်းအောင်လှိုင်ထံပေးပို့သော သဝဏ်လွှာ)
– ရှမ်းနီဒေသနှင့်ဒေသတွင်း ပြည်သူလူထု၏ မြန်မာ့တပ်မတော်နှင့် ရှမ်းနီအမျိုးသားတပ်မတော်တို့ ပူးပေါင်းဆောင်ရွက် မှု၏ အခြေအနေရလာဒ်ကောင်းများသည် ဒေသတည်ငြိမ်ရေးအပြင် ပြည်ထောင်စု တိုးတက်ဖွံ့ဖြိုးရေး၏ အရေးကြီး အစိတ်ပိုင်းများထဲမှ အချိတ်အဆက်မိမိ ပေါင်းစပ်မှုများ ဖြစ်လိမ့်မည်ဟု လေးနက်စွာ ယုံကြည်ပါသည်”။

(စစ်ဦးစီးချုပ်၊ ဒုတိယဥက္ကဋ္ဌ (၁) စဝ်စိုင်းကမ် က ရဲဝင်းဦးနှင့် ကျော်စွာလင်းထံပေးပို့သည့်သဝဏ်လွှာ)
သဝဏ်လွှာ ၂စောင်ထဲမှာ သီးခြားစီ ဖော်ပြထားတဲ့ ဒီအချက် (၂)ချက်က ရှမ်းနီအမျိုးသားများ ညီညွတ်ရေး ကောင်စီ(SNUC)ရဲ့ ဆန္ဒနဲ့ လိုလားချက်ကို အတိအလင်း ဖော်ပြထားတာဖြစ်ပြီး ဒီအချက်ကို ဟိုယခင်ကလည်း မင်းအောင်လှိုင်စစ်အုပ်စုထံ (SNUC)ဘက်က ကြိုတင် တင်ပြတောင်းဆိုထားပြီး ဖြစ်တယ်။ အတူတကွ ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာဖြစ်တယ် ဆိုတဲ့အချက်ကို ထုတ်ဖော်အသိပေး ကြေညာလိုက်တဲ့ သဘောဆောင်နေတာကိုလည်း အထင်အရှား သတိပြုနိုင်မှာ ဖြစ်ပါတယ်။

မဝေးတော့တဲ့ အချိန်ကာလတစ်ခုမှာ ရှမ်းနီပြည်နယ် သို့မဟုတ် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဆို ပြီး ပေါ်ပေါက်လာနိုင်တော့မယ့် အရိပ်လက္ခဏာလို့ ဆိုရမယ့်သဘော ဖြစ်ပါတယ်။

အကယ်၍ ဒီအနေအထားဟာ အနှေးနဲ့အမြန် ဖြစ်ပေါ်လာမယ်ဆိုရင် စစ်အုပ်စုအတွက် တစ်ချက်ခုတ်နှစ်ချက် ပြတ်နိုင်မယ့် ရှမ်းနီတပ်မတော်ကို စစ်အုပ်စု လက်အောက်ခံ ပြည်သူ့စစ် သို့မဟုတ် ဒေသကာကွယ်ရေးတပ်အဖြစ် အသွင်ပြောင်းလဲနိုင်မလား။ ရှမ်းနီတပ်ဖွဲ့နဲ့ (KIO/KIA)တို့အကြားမှာ လူမျိုးနှစ်မျိုးစစ်ပွဲအဖြစ် အတိအလင်း ပေါ်ပေါက်လာစေဖို့ ဗြောင်ကျကျ မီးထိုးပေးနိုင်မလား ဆိုတာတွေဟာ စဉ်းစားစရာဖြစ်သလို ရတက်မအေးစရာလည်း ဖြစ်ပါတယ်။

နောက်ထပ် ထည့်သွင်းစဉ်းစားစရာ အချက် ၂ခု ရှိပါတယ်။
ပထမအချက်က ၁၉၆၂ခုနှစ်ကစပြီး အာဏာရလာခဲ့တဲ့ စစ်အုပ်စုဟာ ပြည်နယ်သစ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွေကို ၁၉၇၄ အခြေခံဥပဒေနဲ့ ၂၀၀၈ အခြေခံဥပဒေတို့မှာ ဖွဲ့စည်းပေးခဲ့တဲ့အချက်ဖြစ်ပါတယ်။ ဒီနည်းလမ်း ဟာ လူမျိုးစုတွေအချင်းချင်းအကြား သွေးခွဲရန်တိုက်ပေးရာမှာ အတိုင်းအတာတစ်ခုအထိ ထိရောက်တယ်ဆိုတာကို လည်း မမေ့မလျော့ သတိပြုကြရမှာဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ မင်းအောင်လှိုင် စစ်အုပ်စုဟာ ဆိုတဲ့ ဗိုလ်ကျအကြမ်းဖက်မှုနဲ့ သွေးခွဲလှည့်စားမှုကို ၂၀၂၁ခုနှစ်ကနေ မျက်မှောက်ကာလအထိ မိုက်မိုက်ကန်းကန်း လုပ်ဆောင်ခဲ့၊ လုပ်ဆောင်ဆဲ ဖြစ်တယ်ဆိုတဲ့ အချက်ပါ ပဲ။

ဒါကြောင့် စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီစနစ်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် တိုက်ပွဲ ပုံစံအသီးသီးကို ကိုယ်စီကိုင်စွဲထားတဲ့ အင်အားစုအသီးသီးဟာ လက်တွေ့ပေါ်ပေါက်လာနေတဲ့ (ပြည်တွင်း ပြည်ပ) အခင်းအကျင်းတွေမှာ မိမိအနေအထားနဲ့ လိုက်လျောညီထွေရှိစေဖို့ ထိန်းညှိပြင်ဆင်လာကြရင်း မိမိတို့ အချင်းချင်း တိုးမိတိုက်မိကြကာ သွေးထွက်သံယို ဖြစ်ကြရတဲ့အထိ ကြီးမားကျယ်ပြန့်မလာစေဖို့ ယခုကတည်းက သတိကြီးစွာ ထားနိုင်ကြပါရန် အလေးအနက် အသိပေး နှိုးဆော်လိုက်ပါတယ်။