ဧပြီလ ၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး(လယ်ဒို) မြို့နယ်တွင် ပြီးခဲ့သည့် မတ်လ တစ်လတာအတွင်း အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ စုစုပေါင်း(၃၅) ဦး သေဆုံးပြီး (၂၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ ကျောက်ကြီးမြို့နယ် ပြောရေးဆို ခွင့်ရှိသူ ပဒိုစောဝါးမူက ပြောသည်။
မတ်လအတွင်း ကျောက်ကြီးမြို့နယ်တွင် စစ်အုပ်စုက စစ်ကြောင်းထိုး စစ်ဆင်လာကာ ဒရုန်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့် တိုးမြှင့်လုပ်ဆောင်လာသောကြောင့် အရပ်သား ထိခိုက်သေဆုံးမှုအပြင် နေအိမ် ၃၄ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ပဒိုစောဝါးမူက ယခုလို ပြောသည်။
အခုနောက်ပိုင်း စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတင်မကဘူး။ လေယာဉ်တွေကိုပါ ခပ်စိပ်စိပ် အသုံးပြုလာတာတွေ့ရတယ်။ တစ်လအတွင်းမှာတင် ဂျက်လေယာဉ် ၁ ကြိမ်၊ ပါရာမော်တာ ၃ ကြိမ်၊ Y-12 လေယာဉ် ၂၃ ကြိမ်နဲ့ ဒရုန်း အကြိမ် ၄၀ ထက်မနည်း အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်” ဟု ပြောသည်။
လက်ရှိတွင်လည်း ကျောက်ကြီးမြို့နယ် ရေတွင်းကုန်းကျေးရွာအတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင်များ အခြေချတပ်စွဲထားဆဲဖြစ်ပြီး ကေအဲန်ယူ ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် နှစ်ဖက်စစ်ရေးတင်းမာမှုများလည်း ရှိနေကြောင်း ပဒိုစောဝါးမူက ဖြည့်စွက်ပြောသည်။
စစ်အုပ်စု၏ ယခုလို ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေထိုင်သည့်အပြင် လေယာဉ်နှင့် ဒရုန်းများကို မကြာခဏ အသုံးပြုတိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင်ဒေသခံများ နေရပ်ပြန်မနေထိုင်ရဲကြဘဲ ရှောင်ပုန်းနေထိုင် စစ်ဘေးရှောင်နေကြရဆဲဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။
“စစ်တပ်က ရွာထဲမှာ ရှိနေသေးတော့ ဘယ်သူမှ မပြန်ရဲကြသေးဘူး။ ထွက်ပြေးလာတဲ့သူတွေကလည်း ဘာမှယူမလာနိုင်ကြတော့ အခု စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ မိုးကာတွေ အရေးပေါ် လိုအပ်နေတယ် လောလောဆယ်တော့ တတ်နိုင်သလောက် ကူညီပေးထားတာတွေ ရှိပါတယ်” ဟု ပြောသည်။
တပ်မဟာ(၃)နယ်မြေဖြစ်သော ညောင်လေးပင်(ခလယ်လွီထူ)ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းရှိ ရွာပေါင်း(၁၃)ရွာနေ ဒေသခံလူဦးရေ (၅,၈၇၀)ခန့်သည် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် နေစရာအိမ်မဲ့ခဲ့ရကြောင်း ကေအဲန်ယူ၏ ပြီးခဲ့သည့် မတ်လ ၂၃ ရက် နေ့ ထုတ်ပြန်ချက်အရ သိရသည်။
KNU ထိန်းချုပ်နယ်မြေအတွင်း စစ်အုပ်စု၏ကျေးရွာများ ပစ်မှတ်ထားကာ လေကြောင်း၊ လက် နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်မှုကြောင့် အရပ်သားပြည်သူများ သေဆုံး ထိခိုက်မှုများလည်း မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်၏ ဖော်ပြချက်အရ သိရသည်။



















