Home တွေ့ဆုံမေးမြန်းခန်း ကော်သူးလေနယ်မြေ လေကြောင်းတိုက်ခိုက်မှု မြင့်တက်လာခြင်းနှင့် ပတ်သက်၍ KPSN မီဒီယာတာဝန်ခံ စောအယ်ဒိုဝါးနှင့် မေးမြန်းခြင်း

ကော်သူးလေနယ်မြေ လေကြောင်းတိုက်ခိုက်မှု မြင့်တက်လာခြင်းနှင့် ပတ်သက်၍ KPSN မီဒီယာတာဝန်ခံ စောအယ်ဒိုဝါးနှင့် မေးမြန်းခြင်း

314

“စစ်အုပ်စုဆီ ငွေကြေးဝင်နေတဲ့ လမ်းကြောင်းတွေနဲ့ လေယာဉ်ဆီ တင်သွင်းတာတွေကို နိုင်ငံတကာက အရေးတကြီး ဖြတ်တောက်ပေးဖို့ လိုတယ်။” KPSN မီဒီယာတာဝန်ခံ စောအယ်ဒိုဝါး

ကော်သူးလေနယ်မြေ လေကြောင်းတိုက်ခိုက်မှု မြင့်တက်လာခြင်းနှင့် ပတ်သက်၍ KPSN မီဒီယာတာဝန်ခံ စောအယ်ဒိုဝါးနှင့် မေးမြန်းခြင်း

ဧပြီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ယခု ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ကော်သူးလေနယ်မြေ၌ အာဏာသိမ်းစစ်တပ်၏ အရပ်သားလူထုအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများ သိသိ သာသာ အရှိန်မြင့်တက်လာခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနှင့် အိုးအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများပြားသည့်အပြင်၊ ပြည်သူတို့၏ လုံခြုံစွာ နေထိုင်ပိုင်ခွင့်ကိုလည်း ပြင်းထန်စွာ ခြိမ်းခြောက်လျက်ရှိသည်။

ထို့ကြောင့် လူ့အခွင့်အရေး ချိုးဖောက်နေသော အာဏာသိမ်းစစ်တပ်အပေါ် နိုင်ငံတကာနှင့် အာဆီယံအနေဖြင့် ထိရောက်သော စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုနှင့် ဖိအားပေးမှုများ အရေးတကြီး လုပ်ဆောင်ရန် ကရင်အရပ်ဘက်အဖွဲ့အစည်းများက ဧပြီလ ၂၀ ရက်နေ့တွင် ထပ်မံတောင်းဆိုခဲ့ကြသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) မှ မီဒီယာတာဝန်ခံ စောအယ်ဒိုဝါးအား ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြပေးလိုက်ပါသည်။

မေး- ကော်သူးလေဒေသမှာ အခုနောက်ပိုင်း စစ်အုပ်စုဘက်က အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ တော်တော်လေး အရှိန်မြှင့်လုပ် ဆောင်နေတဲ့ကိစ္စအပေါ် နိုင်ငံတကာအနေနဲ့ အရေးယူပေးဖို့ ကရင်အရပ်ဘက်အဖွဲ့တွေဘက်က တောင်းဆိုချက်နဲ့ပတ်သက်ပြီး ရှင်းပြပေးပါ။
ဖြေ – ကော်သူးလေနယ်မြေတစ်ခုလုံးမှာ စစ်အုပ်စုက နေ့တိုင်း၊ အပတ်တိုင်း၊ လတိုင်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာပါ။ အခုတစ်ခေါက် KPSN အနေနဲ့ အဓိက တောင်းဆိုဖော်ပြတာက ဧပြီလ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိတဲ့နေရာမဟုတ်ဘဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေ၊ နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေဖြစ်တဲ့ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတွေကို အဓိက ပစ်မှတ်ထားတာပါ။ ပြောရမယ်ဆိုရင် ဧပြီလအတွင်း တိုက်ခိုက်မှုတွေက ပိုပြီး ပြင်းထန်လာတယ်လို့ ဆိုနိုင်ပါတယ်။

နောက်ပြီး မင်းအောင်လှိုင်က သူ့ကိုယ်သူ သမ္မတဖြစ်ဖို့ ပြင်ဆင်နေချိန်မှာ တပ်ဘက်က အာဏာတွေကို ရဲဝင်းဦးကို လွှဲပြောင်းပေးလိုက်ပါတယ်။ ရဲဝင်းဦးအနေနဲ့ ကာချုပ်ရာထူး စတင်တာဝန်ယူချိန်မှာ သူ ဘယ်လောက်အထိ ရက်စက်ကြမ်းကြုတ်နိုင်သလဲဆိုတာကို ပြသနေတာလို့လည်း ပြောလို့ရပါတယ်။

မြေပြင်တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေက သူတို့အတွက် ထိရောက်မှု သိပ်မရှိတော့တဲ့အတွက် ဝေဟင်ကနေ လေယာဉ်အသုံးပြုပြီး တိုက်ခိုက်နေတာပါ။ ဒါကြောင့် ဒီလမှာ တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာပြီး မြေပြင်က လူထုထိခိုက်မှုတွေဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် အဓိက ဖြစ်နေရတာပါ။

မေး – စစ်ခေါင်းဆောင်အသစ် ပြောင်းလဲပြီးနောက်ပိုင်း မြေပြင်မှာ အရပ်သားထိခိုက်မှု အခြေအနေ ဘယ်လောက်အထိ များပြားလာပါသလဲ။
ဖြေ – စောစောက ပြောသလိုပါပဲ၊ ကော်သူးလေနယ်မြေတစ်ခုလုံးမှာ တိုက်ခိုက်မှုက နေ့တိုင်းရှိပါတယ်။ ဒါပေမဲ့ ရဲဝင်းဦး ကာချုပ်တက်လာပြီးနောက်ပိုင်းမှာ အရင်ကထက် တိုက်ပွဲတွေက ခရိုင်တိုင်းမှာ နေ့တိုင်း ရှိလာပါတယ်။ အရင်တုန်းကတော့ တစ်ပြိုင်တည်းမဟုတ်ဘဲ တချို့နေရာမှာ ပြင်းထန်ရင် တချို့နေရာမှာ လျော့တာမျိုး ရှိခဲ့ပေမဲ့၊ အခုကတော့ KNU ခရိုင် ၇ ခုလုံးမှာ လေကြောင်းတိုက်ခိုက်မှုတွေ နေ့တိုင်းရှိနေတယ်လို့ ပြောလို့ရပါတယ်။

မေး – အထူးသဖြင့် အခု မူတြော်ခရိုင်ဘက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုစိပ်လာတဲ့အပေါ် ဒေသခံပြည်သူတွေအတွက် လုံခြုံရေးအရ ဘယ်လို အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရသလဲဆိုတာ သိပါရစေ။
ဖြေ – မူတြော်မှာရှိတဲ့ လူထုတွေဟာ တိုက်ပွဲမရှိရင်တောင် နေ့တိုင်း စိုးရိမ်စိတ်နဲ့ သတိထားနေကြရပါတယ်။ ရွာထဲမှာ မနေရဲကြတော့ဘဲ လုံခြုံမယ်ထင်တဲ့ တောစပ်တွေ၊ ရွာအစပ်တွေမှာ သွားရောက် နေထိုင်ကြရပါတယ်။ လေယာဉ်က ဘယ်အချိန်မှာ လာပစ်မလဲဆိုတာ မသိနိုင်တဲ့အတွက် တစ်ချိန်လုံး တိမ်းရှောင်နေရတာက မူတြော်တစ်ခရိုင်လုံးမှာရှိတဲ့ အရပ်သားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။

မေး – နိုင်ငံတကာနဲ့ အာဆီယံအနေနဲ့ မြန်မာစစ်တပ်အပေါ် ဖိအားတွေ ပိုတိုးပေးဖို့ အရေးတကြီး တောင်းဆိုနေကြတယ်ဆိုတော့လေ၊ တကယ်တမ်းကျတော့ နိုင်ငံတကာရဲ့ ဖိအားပေးမှုက လက်ရှိအခြေအနေမှာ ဘယ်လောက်အထိ အရေးပါတယ်လို့ မြင်ပါသလဲ။
ဖြေ – တစ်ခုခုဖြစ်တိုင်း ကျနော်တို့က စာထုတ်ပြန်ပြီး နိုင်ငံတကာ၊ အာဆီယံနဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းတွေကို အမြဲအသိပေးပါတယ်။ အထူးသဖြင့် စစ်ရှောင်တွေကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့တွေကို ပေးသိပါတယ်။ ဒါပေမဲ့ အခုတောင်းဆိုချက်အပေါ် နိုင်ငံတကာက ဒါကို သူတို့အတွက် အရေးမကြီးဘူးလို့ ထင်နေပုံရပါတယ်။

ကျနော်တို့ဆီမှာ ဖြစ်နေတာတွေက သူတို့အတွက် အကျိုးအမြတ်မရှိလို့ အရေးမကြီးဘူးလို့ ယူဆနေကြတာ ဖြစ်နိုင်တယ်။ ဥပမာ ယူကရိန်း၊ ရုရှား၊ အီရန်နဲ့ အစ္စရေး ပဋိပက္ခတွေမှာဆိုရင် နိုင်ငံတကာက အလေးထား လုပ်ဆောင်ကြပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီနေရာတွေက သူတို့စီးပွားရေးအတွက် အကျိုးအမြတ်ရှိလို့ Focus ထားကြတာပါ။

ကျနော်တို့ဘက်မှာ ဖြစ်နေတဲ့ကိစ္စတွေကို သိပ်အရေးမပေးကြပေမဲ့ ကျနော်တို့ကတော့ ထပ်ခါတလဲလဲ တောင်းဆို တင်ပြနေမှာပါ။ အဓိကကတော့ ဒီရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ အရပ်သား ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို အလေးထားပေးဖို့ပါ။ ဒါကြောင့် နိုင်ငံတကာနဲ့ အာဆီယံအနေနဲ့ ဒီကိစ္စကို နံပါတ်တစ် ဦးစားပေးအဆင့်မှာ ထည့်သွင်းစဉ်းစားပေးဖို့ ထပ်ပြီး တောင်းဆိုတာ ဖြစ်ပါတယ်။

မေး – အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ များလာတဲ့အခါမှာ လူထုတွေအတွက် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး (Cross-border Aid) လမ်းကြောင်းကရော ဘယ်လောက်အထိ အရေးတကြီး လိုအပ်နေပြီလဲ။
ဖြေ – အာဏာသိမ်းတဲ့ ကာလတစ်လျှောက်လုံးမှာ လူထုတွေဟာ အကြောက် တရားနဲ့ နေနေရပြီး သေဆုံးထိခိုက်မှုတွေက နေ့တိုင်းရှိနေပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် နံပါတ်တစ်အနေနဲ့ အသက်အန္တရာယ် မလုံခြုံသလို၊ နံပါတ်နှစ်အနေနဲ့ အသက်မွေးဝမ်းကြောင်းတွေ ထိခိုက်ပါတယ်။ အကြောက်တရားတွေကြားမှာ ဘာအလုပ်မှ လုပ်လို့မရတော့ဘူး။ နွေရာသီမှာ တောင်ယာရိတ်တာ၊ မိုးဦးမှာ စပါးစိုက်ဖို့ ပြင်ဆင်တာတွေ ဘာမှမလုပ်နိုင်တော့ပါဘူး။

ဒီလူထုတွေဟာလည်း ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေပါပဲ။ စားဝတ်နေရေး ခက်ခဲလာတဲ့အခါ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီတွေက လိုအပ် လာပါတယ်။ အဲဒီအကူအညီတွေက လူထုဆီ တိုက်ရိုက်ရောက်ဖို့ဆိုရင် KNU ကနေတစ်ဆင့် ဖြစ်ဖြစ်၊ ဒေသတွင်းက လူမှုအဖွဲ့အစည်းတွေကနေတစ်ဆင့် ဖြစ်ဖြစ် တိုက်ရိုက်လာဖို့ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ဘဲ စစ်ကောင်စီ (စကမ) ကနေတစ်ဆင့် သွားမယ်ဆိုရင် အကူအညီရဲ့ ၅ ရာခိုင်နှုန်းတောင် တကယ် လိုအပ်တဲ့ လူထုဆီ ရောက်ဖို့ မသေချာပါဘူး။ ဒါကြောင့် အလှူရှင်တွေအနေနဲ့ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးလမ်းကြောင်းကို အလေးထား စဉ်းစားပေးဖို့ ထပ်ခါတလဲလဲ တောင်းဆိုနေတာပါ။

မေး- နောက်ထပ် ဘာများ ဖြည့်စွက်ပြောကြားချင်တာ ရှိပါသလဲ။
ဖြေ – စစ်အုပ်စုက လူ့အခွင့်အရေး ချိုးဖောက်ပြီး အရပ်သားတွေကို ပစ်မှတ်ထားနေတာကို ထိုင်းနယ်စပ်မှာရှိတဲ့ လူတွေလည်း ကိုယ်တွေ့ပါပဲ။ လေယာဉ်နဲ့ ဗုံးကြဲမှုတွေက နယ်စပ်အထိ ကျရောက်တာတွေ ရှိပါတယ်။ ဒါကြောင့် နိုင်ငံတကာနဲ့ အာဆီယံကို ကျနော်တို့ တောင်းဆိုချင်တာက စစ်အုပ်စုရဲ့ ငွေကြေး ဝင်ပေါက် ဒေါက်တိုင်တွေကို ဖြတ်တောက်ဖို့၊ လေယာဉ်ဆီနဲ့ သင်္ဘောဆီ တင်သွင်း တာတွေကို တားဆီးဖို့၊ လက်နက်ရောင်းဝယ်မှုတွေကို ရပ်တန့်ဖို့နဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ထိရောက်စွာ ပြုလုပ်ပေးဖို့ တောင်းဆိုလို ပါတယ်လို့ ပြောချင်ပါတယ်။