Home သတင်း မူးမြို့နယ် စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်တစ်ဦး ဒဏ်ရာရပြီး နေအိမ် (၂) လုံး ပျက်စီး

မူးမြို့နယ် စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်တစ်ဦး ဒဏ်ရာရပြီး နေအိမ် (၂) လုံး ပျက်စီး

326
Photo: KNU

ဧပြီ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်)၊ မူးမြို့နယ်အတွင်းသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် စစ်ဘေးတိမ်းရှောင်နေသည့် အရပ်သားအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၂) လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ (၂၀) ရက်နေ့တွင် အာဏာသိမ်းစစ်တပ်၏ ခြေမြန်တပ်ရင်း (ခမရ−၃၀၇) မှ ၁၂၀ မမ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ရာ ပျဉ်းမပင်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ပျဉ်းမပင်ကျေးရွာနေ ဦးဇော်မျိုးနှင့် ဒေါ်မအူးတို့၏ နေအိမ် (၂) လုံး ထိမှန်ပျက်စီးခဲ့ရသည့်အပြင် လက်ပံကုန်းကျေးရွာမှ ပျဉ်းမပင်ကျေးရွာသို့ စစ်ဘေးတိမ်းရှောင်နေထိုင်သူ အသက် (၄၆)နှစ်အရွယ်ရှိ ဦးငြိမ်းခိုင်မှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်သူးလေ အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ဒေသခံအရပ်သားများအား ပစ်မှတ်ထား၍ စစ်အုပ်စုက ဒရုန်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက် လုပ်ဆောင်လျက်ရှိကြောင်း ကေအဲန်ယူက ပြောသည်။

ယင်းကြောင့် ကေအဲန်ယူ တပ်မဟာ(၃)၊ ခလယ်လွီထူခရိုင်အတွင်းရှိ ဒေသခံထောင်ပေါင်းများစွာသည် အသက်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရဆဲ ဖြစ်ကြောင်းလည်း သိရသည်။